ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှု မပေးနိုင်သည့် အေဂျင်စီများ လိုင်စင်ပြန်အပ်ရန် အသိပေး

0
334

ပြည်ပအလုပ်အကိုင်နှင့် ပတ်သက်ပြီး ဝန်ဆောင်မှု မပေးနိုင်သည့် အေဂျင်စီများအနေဖြင့် အေဂျင်စီလုပ်ငန်း မလုပ်နိုင်ပါက လိုင်စင်ပြန်အပ်ရန် အလုပ်သမားညွှန်ကြားမှု ဦးစီးဌာန၊ Safe Migration က အသိပေးထားသည်။

အေဂျင်စီများအနေဖြင့် ပြည်ပသို့ လစဉ်စေလွှတ်သည့် အလုပ်သမားဦးရေ လချုပ်စာရင်းကို ပေးပို့ရာတွင် လစဉ်လတိုင်း ပျက်ကွက်မှုများ ရှိနေသည့်အတွက် ယခုကဲ့သို့ အသိပေးခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် အေဂျင်စီလိုင်စင်ယူထားပြီး အေဂျင်စီအလုပ်များကို မလုပ်နိုင်ပါက လိုင်စင်ပြန်အပ်စေလိုပြီး လက်ရှိတွင် အလုပ်သမားစေလွှတ်သည့် စာရင်းများပေးပို့ရန် ပျက်ကွက်သည့် အေဂျင်စီများကို ကြိုတင်အသိပေးထားပြီးဖြစ်ရာ ဒဏ်ကြေးပေးဆောင်ရန် အမိန့်ကြော်ငြာစာ ထွက်လာချိန်တွင် ထပ်မံသတိပေးမည် မဟုတ်ကြောင်း Safe Migration က ထုတ်ပြန်ထားသည်။

Safe Migration ၏ ဖော်ပြချက်အရ ပြီးခဲ့သည့် မေလအတွင်း ပြည်ပသို့စေလွှတ်သည့် လုပ်သားဦးရေ လချုပ်စာရင်းပေးပို့ရန် ပျက်ကွက်သည့် ပြည်ပအလုပ်အကိုင်အေဂျင်စီ (၁၁) ခု ရှိပြီး အေဂျင်စီ (၄)ခုသည် စေလွှတ်စာချုပ် ပေးပို့လာသော်လည်း သတ်မှတ်ထားသည့် ဇယားပုံစံ မှားယွင်းနေသဖြင့် ပြန်လည် တင်ပြခိုင်းထားရာ အကြောင်းမပြန်ကြောင်း သိရသည်။

အလုပ်သမား ဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ယခုနှစ် ဇွန် (၉) ရက်အထိ စာရင်းများအရ ပြည်ပသို့ အလုပ်သမားစေလွှတ်ခွင့်လိုင်စင် ရယူထားသည့် အေဂျင်စီ (၅၆၅) ခု ရှိပြီး အေဂျင်စီများအနေဖြင့် စေလွှတ်သည့် အလုပ်သမားဦးရေအလိုက် အခွန်ပေးဆောင်ရမည်ဖြစ်သည့်အတွက် စာရင်းကောက်ယူမှုများ စိစစ်လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here