ဆန်နှင့် စားသုံးဆီဈေးနှုန်း တည်ငြိမ်ရေးကိစ္စရပ်များကို ပထမ ဦးစားပေးအဖြစ် ဆောင်ရွက်နေဟုဆို

0
137

ပြည်ထောင်စု ကုန်ဈေးနှုန်းတည်ငြိမ်ရေး ကော်မတီ အနေဖြင့် ဆန်နှင့် စားသုံးဆီဈေးနှုန်း တည်ငြိမ်ရေးကိစ္စရပ်များကို ပထမဦးစားပေးအဖြစ် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ပြောသည်။

ဇွန်လ (၁၉) ရက်တွင် ပြည်ထောင်စုကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီ (၂/၂၀၂၄) အစည်းအဝေးကို စီမံကိန်းနှင့်ဘ ဏ္ဍာရေးဝန်ကြီးဌာန ရုံးအမှတ်(၃၂) အစည်းအဝေးခန်းမ၌ ကျင်းပစဉ် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

ဆန်ဈေးနှုန်းနှင့် ပတ်သက်၍ စိုက်ပျိုးရေးသွင်းအားစုဈေးနှုန်းများ မြင့်တက်ခြင်း၊ အလုပ်သမားခအပါအဝင် အထွေထွေကုန်ကျစရိတ်များ မြင့်တက်ခြင်းတို့သည် ဆန်ဈေးနှုန်းများ မြင့်တက်စေသည့် အကြောင်းများဖြစ်ကြောင်း ၄င်းက ပြောသည်။

စားအုန်းဆီကို ရည်ညွှန်းဈေးသတ်မှတ်၍ တင်သွင်းရောင်းချသည့် ကုမ္ပဏီများက တိုက်ရိုက်ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း၊ စားအုန်းဆီ ဖြန့်ဖြူးရောင်းချရာတွင် အကျိုး အမြတ်ရရှိရေးကိုသာ မကြည့်ဘဲ ပြည်သူများ၏ လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရေးနှင့် ဈေးနှုန်းတည်ငြိမ်ရေးတို့ကိုလည်း ညီညွတ်မျှတအောင် ဆောင်ရွက်ရန် လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။

ပြည်ထောင်စုကုန်ဈေးနှုန်း တည်ငြိမ်ရေးကော်မတီအစည်းအဝေး ဆုံးဖြတ်ချက်များအရ ဆေးဝါးနှင့် ဆေးအထောက်အကူပစ္စည်းများအပါအဝင် အရေးကြီးကုန်စည်များ ပြတ်လပ်မှုနှင့် ဈေးနှုန်းမြင့်တက်မှုများ မဖြစ်ပေါ်စေရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများ၊ ပုဂ္ဂလိကကဏ္ဍအသင်းအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တင်ပြနေသည့် ကိန်းဂဏန်းစာရင်းအင်းများကို မြေပြင်အခြေအနေမှန်နှင့် ကိုက်ညီစေရေး စိစစ်ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း၊ ကော်မတီအနေဖြင့် နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ဆန်သိုလှောင်ရုံများနှင့် ဆန်ဆိုင်များ၊ ဆေးသိုလှောင်ရုံများနှင့် ဆေးဆိုင်များကို ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းနှင့် ဖြန့်ဖြူးခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းများ မရှိစေရေး ပူးပေါင်းအဖွဲ့များဖြင့် အပတ်စဉ် ကွင်းဆင်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here