မားကို့စ် အစိုးရအဖွဲ့မှ ဒု-သမ္မတ ဆာရာ ဒူတာတေး နုတ်ထွက်သဖြင့်မဟာမိတ်ပြိုကွဲ

0
75

ဖိလစ်ပိုင် ဒုတိယ သမ္မတ ဆာရာ ဒူတာတေးဟာ သမ္မတ ဖာဒီနန်မားကို့စ် ဂျူနီယာ အစိုးရအဖွဲ့နဲ့ အခြား အဓိက ရာထူးတစ်ခုကနေ ဗုဒ္ဓဟူးနေ့မှာ နုတ်ထွက်ခဲ့ကြောင်း သိရပါတယ်။ သူမနဲ့ မားကို့စ်တို့ရဲ့ မဟာမိတ်ပြုမှု ပြိုကွဲဖွယ်ရှိတယ်လို့ ယခင်ကတည်းက ခန့်မှန်းထားကြတာကြောင့် ဒီလုပ်ရပ်ဟာ အံ့အားသင့်စရာတော့ မဖြစ်ခဲ့ပါဘူး။

ပညာရေးဝန်ကြီး၊ သောင်းကျန်းသူ တိုက်ဖျက်ရေး အထူးအဖွဲ့ ဒုတိယ ဥက္ကဋ္ဌ ရာထူးတို့ကနေ ဒူတာတေး နုတ်ထွက်စာတင်ခဲ့မှုကို မားကို့စ်က လက်ခံခဲ့တယ်လို့ သမ္မတရုံး ဆက်သွယ်ရေး အတွင်းဝန် Cheloy Garafil က ထုတ်ပြန်ချက်မှာ ပြောဆိုခဲ့ပြီး နုတ်ထွက်ရတဲ့ အကြောင်းရင်းတွေနဲ့ပတ်သက်ပြီး သူမက ဖော်ပြခဲ့ခြင်းမရှိဘူးလို့လည်း ၎င်းက ဆိုခဲ့ပါတယ်။

သူမ နုတ်ထွက်ရခြင်းဟာ အားနည်းချက်တွေကြောင့် မဟုတ်ကြောင်း၊ ဆရာ/ဆရာမတွေနဲ့ လူငယ်တွေကို အမှန်တကယ် အလေးထားပါကြောင်း ဒုတိယသမ္မတအဖြစ် ဆက်ရှိနေသေးတဲ့ ဒူတာတေးက သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုပါတယ်။

ဒီ နုတ်ထွက်မှုကြောင့် မားကို့စ်နဲ့ သူမကို ၂၀၂၂ ခုနှစ်မှာ အာဏာရစေခဲ့သော သူတို့ မိသားစုတွေအကြား မဟာမိတ်ဖွဲ့မှုဟာ နိုင်ငံရေးနဲ့ မူဝါဒဆိုင်ရာ ကွဲပြားမှုတွေကြောင့် ပြိုလဲသွားလိမ့်မယ်လို့ တလျှောက်လုံး ဟောကိန်းထုတ်ခဲ့တဲ့ နိုင်ငံရေးလေ့လာသူတွေရဲ့ ခန့်မှန်းချက်ကို အတည်ဖြစ်စေခဲ့ပါတယ်။

ဒု-သမ္မတရဲ့ အစိုးရအဖွဲ့ ရာထူးကနေ နုတ်ထွက်ဖို့ ဆုံးဖြတ်ချက်ကြောင့် သူမဟာ မားကို့စ်ကို ဆန့်ကျင်ရာမှာ အားပိုကောင်းလာလိမ့်မယ်လို့ ဖိလစ်ပိုင်တက္ကသိုလ် နိုင်ငံရေးသိပ္ပံ ပါမောက္ခတစ်ဦးဖြစ်တဲ့ Jean Encinas-Franco က သုံးသပ်ပါတယ်။

အမှီအခိုကင်းတဲ့ လူထုသဘောထား စစ်တမ်းတွေအရ သမ္မတဟောင်း ရိုဒရီဂို ဒူတာတေးရဲ့ သမီးဖြစ်တဲ့ ဆာရာ ဒူတာတေးဟာ၂၀၂၂ ရွေးကောက်ပွဲမှာ အနိုင်ရနိုင်တယ်လို့ ယူဆခံရပေမယ့် သူမဟာ မားကို့စ်နဲ့အတူလက်တွဲ ယှဉ်ပြိုင်ခဲ့ကာ ယခင်တုန်းကသမ္မတဟောင်းရဲ့ သားကို သမ္မတ ဖြစ်စေခဲ့ပါတယ်။

သို့ပေမယ့် မားကို့စ်ဟာ တောင်တရုတ်ပင်လယ်အရေးမှသည် မူးယစ်နှိမ်နင်းရေးစစ်ပွဲအထိ ရိုဒရီဂို ဒူတာတေးရဲ့ မူဝါဒတွေကို ပြောင်းပြန်လှန်ခဲ့ခြင်းအပြင် ကွန်မြူနစ် သူပုန်တွေနဲ့ အလားအလာရှိ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ စတင်ခဲ့တာကြောင့် သူ့ရာထူးသက်တမ်း လများစွာအကြာမှာပဲ မဟာမိတ်ဖွဲ့မှု အက်ကြောင်းထင်လာခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ဒူတာတေးလက်ထက် ၂၀၁၉ ခုနှစ်မှာ တရားဝင် နုတ်ထွက်ထားခဲ့တဲ့ နိုင်ငံတကာ ရာဇဝတ်တရားရုံး (ICC) ရဲ့အဖွဲ့ဝင်နိုင်ငံအဖြစ်သို့ ပြန်လည် ပူးပေါင်းသွားဖို့ မားကို့စ်က စဉ်းစားနေခဲ့ကြောင်းလည်း သိရပါတယ်။

Ref: Jt


LEAVE A REPLY

Please enter your comment!
Please enter your name here