အင်ဒိုနီးရှားရှိ အာဆီယံ အမွေအနှစ် ဥယျာဉ်များထံ မြန်မာနိုင်ငံမှ သစ်တောဦးစီးမှူးများ သွားရောက်လေ့လာမည်

0
127

အင်ဒိုနီးရှားနိုင်ငံ၊ အာဆီယံအမွေအနှစ် ဥယျာဉ်များသို့ မြန်မာနိုင်ငံမှ သစ်တောဦးစီးမှူးများ ဇွန်လနောက်ဆုံးပတ်တွင် သွားရောက်လေ့လာမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် အာဆီယံအမွေအနှစ် အမျိုးသားဥယျာဉ်များ ရှိနေသောကြောင့် အာဆီယံအမွေအနှစ်ဥယျာဉ် ထိန်းသိမ်းရေးလုပ်ငန်းများတွင် ပိုမိုအားဖြည့်ဆောင်ရွက်နိုင်ရန်အတွက် ရည်ရွယ်သည်ဟု ဆိုသည်။

ယခုလက်ရှိ မြန်မာနိုင်ငံတွင် အာဆီယံအမွေအနှစ်ဥယျာဉ်များဖြစ်သည့် ခါကာဘိုရာဇီ အမျိုးသားဥယျာဉ်၊ နတ်မတောင်အမျိုးသား ဥယျာဉ်၊ ထမံသီတောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၊ အလောင်းတော်ကဿပ အမျိုးသား ဥယျာဉ်၊ မိန်း မလှကျွန်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၊ လန်ပိအဏ္ဏဝါအမျိုးသား ဥယျာဉ်၊ အင်းလေးကန်တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောနှင့် အင်းတော်ကြီး ကန်ဘေးမဲ့တောတို့ဖြင့် အာဆီယံ အမွေအနှစ်အမျိုးသားဥယျာဉ်ကြီး (၈)ခုရှိပြီး သဘာဝထိန်းသိမ်း‌ရေး နယ်မြေအချို့ကိုလည်း အာဆီယံအမွေအနှစ် အမျိုးသားဥယျာဉ်များအဖြစ် ဆက်လက်အသိအမှတ်ပြုနိုင်ရန် ကြိုးပမ်းဆောင်ရွက်နေသည်။

ထိုသို့သွားရောက်လေ့လာရာတွင် နတ်မတောင်အမျိုးသား ဥယျာဉ်၊ မိန်းမလှကျွန်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၊ မိုးယွန်းကြီးတောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၊ အင်းတော်ကြီးကန်ဘေးမဲ့တော၊ အင်းလေးကန်တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော၊ ပုပ္ပားတောင်အမျိုးသားဥယျာဉ်နှင့် ထမံသီတောရိုင်း တိရစ္ဆာန်ဘေးမဲ့တောတို့မှ အုပ်ချုပ်ရေးမှူးများနှင့် သဘာဝဝန်းကျင်နှင့် သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဌာနမှ တာဝန် ရှိသူများလိုက်ပါသွားမည်ဖြစ်ကြောင်း သိရသည်။

ထိုကဲ့သို့ လေ့လာရေးခရီးစဉ်များမှ နိုင်ငံ၏ ဇီဝမျိုးစုံမျိုးကွဲများစုဝေးရာ ရတနာများဖြစ်သည့် အာဆီယံအမွေအနှစ် အမျိုးသားဥယျာဉ်များ ထိန်းသိမ်းမှုစွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်ခြင်း၊ လူ့စွမ်းအားအရင်းအမြစ်နှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များကို အထောက်အပံ့ဖြစ်စေခြင်း၊ အမျိုးသားဥယျာဉ်များ ကွန်ရက်ထိန်းသိမ်းမှုနှင့် စီမံအုပ်ချုပ်မှုကို မြှင့်တင်စွမ်းဆောင်ပေးနိုင်ခြင်း၊ အာဆီယံဒေသတွင်းအဆင့် ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးလုပ်ငန်းများတွင် ပိုမိုလက်တွဲ ပူးပေါင်းလုပ်ဆောင်လာနိုင်ခြင်းနှင့် ဒေသအသိုက်အဝန်းအတွင်း သဘာဝထိန်းသိမ်းရေးနယ်မြေများရေရှည်တည်တံ့မှုမှ အာဆီယံနိုင်ငံများ၏ သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်း‌ရေး အနာဂတ်ကာလကို အကျိုးပြုစေနိုင်ခြင်း စသည့်အကျိုးကျေးဇူးများကို ရရှိစေမည်ဖြစ်ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here