တောင်ငူကေတုမတီမြို့ဟောင်းရှိ မြို့ရိုး၊ ကျုံးနှင့် မြို့ဝင် တံခါးပေါက်များအား ထိန်းသိမ်းစောင့်ရှောက်ရန် ပြည်ထောင်စု ဝန်ကြီး မှာကြား

0
401

ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ဖြစ်သည့် တောင်ငူကေတုမတီမြို့ဟောင်းမှ မြို့ရိုး၊ ကျုံးနှင့် မြို့ဝင် တံခါးပေါက်များကို ပြန်လည်ဖော်ထုတ်ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရန် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်က မှာကြားသည်။

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်က သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးမျိုးအောင်၊ အမြဲတမ်းအတွင်းဝန်၊ တာဝန်ရှိသူများနှင့်အတူ ဇွန်(၂၀)ရက်က တောင်ငူမြို့ ကေတုမတီမြို့ဟောင်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးစဉ် ပြောဆိုခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့မှ တောင်ငူကေတုမတီမြို့ဟောင်း အနောက်ဘက်မြို့ရိုး စင်တံခါးအနီးရှိ ကေတုမတီမြို့ဟောင်း မြို့ရိုးပြန်လည်တူးဖော်ထိန်းသိမ်းထားရှိမှု အခြေအနေကို သွားရောက်စစ်ဆေးရာ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးညိုမြင့်ထွန်းက ကေတုမတီတောင်ငူမြို့၏ သမိုင်းကြောင်း၊ မြို့ရိုး၊ ကျုံးများနှင့် မြို့ဝင်တံခါးပေါက်များ၏ လက်ရှိအခြေအနေ၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ရန်ပုံငွေဖြင့် ကျုံးနှင့်မြို့ရိုး ဖော်ထုတ်ထိန်းသိမ်းထားမှု အခြေအနေ၊ကျုံး နယ်နိမိတ် သတ်မှတ်စိုက်ထူထားသည့် တိုင်များ ဆောင်ရွက်ထားရှိမှုကို ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ တောင်ငူကေတုမတီမြို့ဟောင်း မြို့ရိုးနှင့် ကျုံးတို့၏ လက်ရှိအခြေအနေ တောင်ငူကေတုမတီမြို့ဟောင်း မြို့ရိုးနှင့် ပန်းချီတံခါးပေါက်အနီးရှိ ယိုးဒယားပေါက်ကို ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေနှင့် ထိန်းသိမ်းစောင့်ရှာက်ထားရှိမှု တောင်ငူကေတုမတီမြို့ရိုး ပန်းချီတံခါးပေါက်မှ တဆင့်ကေတုမတီမြို့ရိုး၊ ကျုံးနှင့် မြို့ဝင်တံခါးပေါက်များ၏ လက်ရှိအခြေအနေများကို လိုက်လံကြည့်ရှုခဲ့သည်။

ထိုသို့ကြည့်ရှုစဉ် တောင်ငူကေတုမတီမြို့ဟောင်း ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ဖြစ်သည့် မြို့ရိုး၊ ကျုံးနှင့် မြို့ဝင်တံခါးပေါက်များကို ပြန်လည်ဖော်ထုတ်ကာကွယ်ထိန်းသိမ်း စောင့်ရှောက်ရန် အနာဂတ်မျိုးဆက်သစ်များကို လက်ဆင့် ကမ်းပေးရမည်ဖြစ်ကြောင်း မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အဖွဲ့ဝင်များနှင့်အတူ တောင်ငူခရိုင်အထွေထွေအုပ် ချုပ်ရေးမှူးရုံး စုပေါင်းခန်းမ၌ ကျင်းပသည့် တောင်ငူကေတုမတီမြို့ရိုးနှင့်ကျုံးကို ထိန်းသိ မ်းမှုဆိုင်ရာ အစည်းအဝေးသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက လွန်ခဲ့သောနှစ်ပေါင်း (၅၀၀) ကျော်က မင်းကြီးညို တည်ထောင်ခဲ့သော ကျုံးနှင့် မြို့ရိုးများ၊ အဆောက်အအုံများကို လက်ရှိအနေအထားထက် ပျက်ယွင်းမှု မရှိအောင် ပြန်လည်ဖော်ထုတ်ကာကွယ်ထိန်းသိမ်းသွားရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် မင်းကြီးမဟာသီရိဇေယျသူရ မင်းကြီးညို (အေဒီ ၁၄၈၆-၁၅၃၁) တည်ထောင်ခဲ့သည့် တောင်ငူ ကေတုမတီမြို့ဟောင်း မြို့ရိုးနှင့် ကျုံးနေရာများ၊ ရှေးဟောင်းအဆောက်အအုံများကို ယဉ်ကျေးမှု အမွေအနှစ်များအဖြစ် ထိန်းသိမ်းသွားနိုင်ရေးအတွက် တာဝန်ရှိသူများအားလုံး ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားသည်။

တောင်ငူမြို့၊ ကေတုမတီမြို့ဟောင်း မြို့တည်၊ နန်းတည်နှစ် ၅၀၀ ပြည့်အထိမ်းအမှတ်ပွဲတော်ကို ၂၀၁၀ ပြည့်နှစ်မှစ၍ ပဲခူတိုင်းဒေသကြီး၊ တောင်ငူ မြို့ရှိ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ ဒေသခံမိဘပြည်သူများက နှစ်စဉ်နှစ်တိုင်း ခမ်းခမ်း နားနား စည်းကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်လေ့ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here