အလုပ်သမားဝန်ကြီးဌာနက ယခုနှစ်တွင် သစ်ပင်ပေါင်း ၂၂ သန်းကျော် စိုက်ပျိုးမည်

0
200

အလုပ်သမားဝန်ကြီးဌာနအနေဖြင့် ၂၀၂၄ ခုနှစ် မိုးရာသီတွင် နိုင်ငံပိုင်သစ်တောစိုက်ခင်းများ အပါအဝင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သစ်ပင်ပေါင်း(၂၂ ဒသမ ၃၃၂)သန်း စိုက်ပျိုးမည်ဖြစ်ကြောင်း သိရသည်။

အလုပ်သမားဝန်ကြီးဌာန၏ ၂၀၂၄ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ဇွန် (၂၀) ရက်တွင် ဝန်ကြီးဌာနနှင့် ဆက်စပ်လျက်ရှိသည့် ရုံးဝင်းအနောက်ဘက် မြေကွက်လပ်နေရာ၌ ကျင်းပပြုလုပ်ခဲ့သည်။

သစ်ပင်များကို ရှင်သန်ဖွံ့ဖြိုးလာအောင် စိုက်ပျိုးပြုစုပျိုးထောင်ကြခြင်းဖြင့် ပတ်ဝန်းကျင်စိမ်းလန်း စိုပြည်သာယာလှပလာမည်ဖြစ်သည့်အတွက် ယခုနှစ် မိုးရာသီ ကာလတွင် နိုင်ငံပိုင်သစ်တော စိုက်ခင်းများအပါအဝင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သစ်ပင်ပေါင်း ၂၂ ဒသမ ၃၃၂ သန်း စိုက်ပျိုးသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးကပြောကြားခဲ့သည်။

ထို့ပြင် သစ်ပင်များ စိုက်ပျိုးခြင်းဖြင့် စိုက်ပျိုးသူကိုယ်တိုင်နှင့် စိုက်ပျိုးသူများ၏ ပတ်ဝန်းကျင်ကို တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်၍ အကျိုးကျေးဇူးများကို ပေးစွမ်းနိုင်သည့်အပြင် အစွန်းရောက်ရာသီဥတုဖြစ်စဉ်များကို ကာကွယ်နိုင်ခြင်း၊ လေထုကို သန့်စင်ပေးနိုင်ခြင်း၊ ပတ်ဝန်းကျင်ကို အေးမြစေခြင်း၊ မြေဆီလွှာတိုက်စားမှုကို ကာကွယ်နိုင်ခြင်း၊ စားရေရိက္ခာ ဖန်တီးပေးခြင်း စသည့်အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ကြောင်းနှင့် စိုက်ပျိုးပြီးအပင်များ ရှင်သန်ဖြစ်ထွန်းစေရေး ဆောင်ရွက်သွားရန်လိုအပ်ကြောင်းလည်း ၎င်းကဆိုသည်။

အလုပ်သမားဝန်ကြီးဌာနအနေဖြင့် ယခုနှစ်မိုးရာသီသစ်ပင် စိုက်ပျိုးပွဲတွင် ကျွန်း (၈၆၇) ပင်၊ ယမနေ (၈၇၉) ပင်၊ ပေါင်း (၁၇၄၆) ပင်ကို တစ်တန်းစီစိုက်ပျိုး၍ မန်ဂျန်ရှားပင် (၁၀၃၀) ကို စိုက်ခင်းပတ်လည် အနားစပ်များတွင် စိုက်ပျိုးခဲ့သဖြင့် စုစုပေါင်း (၂၇၇၆) ပင်ကို စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here