နောင်ချိုမြို့တွင် အမျိုးသမီးထံမှ ကျပ်သိန်း (၆၀၀)နီးပါး တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိ

0
331

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့တွင် ခရီးသည်တင် မော်တော်ယာဉ်ပေါ် လိုက်ပါလာသည့် အမျိုးသမီး တစ်ဦးထံမှ ကျပ်သိန်း (၆၀၀)နီးပါး တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ထုတ်ပြန်ချက်အရ သိရသည်။

နောင်ချိုမြို့အဝင်၊ အိုရီယမ်တယ် တိုးဂိတ်အနီးတွင် မော်တော်ယာဉ်များအား ဇွန်(၁၉) ရက် ညနေ (၄)နာရီ (၄၅)မိနစ်အချိန်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ စစ်ဆေးရှာဖွေခဲ့ကြောင်း သိရသည်။

ထိုသို့ စစ်ဆေးရှာဖွေစဉ် လားရှိုးမြို့ဘက်မှ နောင်ချိုမြို့ဘက်သို့ မောင်းနှင်လာသည့် ခရီးသည်တင် မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် လိုက်ပါလာသည့် ခရီးသည် မဆိုင်းနူးပန်၏ ခရီးဆောင်အိတ်အတွင်းမှ စိတ်ပြောင်းဆေးဝါးများဖြစ်သည့် Happy Water အလေးချိန် ၉၆၀ ဂရမ် ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း (၄၈၀)၊ အက်တက်စီဆေးပြား (၄၅၀) ပြား ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် (၁၁၂.၅)သိန်းနှင့် လက်ကိုင်ဖုန်း  (၂) လုံးတို့အားတွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း သတင်းထုတ်ပြန်သည်။

ထိုသို့ သိမ်းဆည်းရမိသဖြင့် မဆိုင်းနူးပန်(၂၈)နှစ်အား နောင်ချိုမြို့မ ရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့် အရေးယူထားပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here