တရားမဝင် ဒီဂျစ်တယ်ငွေကြေးများ ရောင်းဝယ်လဲလှယ်ခြင်းနှင့် ဟွန်ဒီလုပ်ငန်းဆောင်ရွက်နေသူများကို အရေးယူမည်

0
270

တရားဝင်လိုင်စင်မရှိဘဲ ငွေကြေးလုပ်ငန်းဆောင်ရွက်နေသူများအား ငွေကြေးခဝါချမှုတိုက်ဖျက်ရေး ဥပ ဒေနှင့် ငွေရေးကြေးရေး အဖွဲ့အစည်းများ ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက ပြောသည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်၌ ယနေ့မွန်းလွဲပိုင်းက ကျင်းပပြုလုပ်သည့် ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကိုငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးလုပ်ငန်းအဖွဲ့၏ အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

(၁၁) ကြိမ်မြောက် မြန်မာနိုင်ငံ၏ ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ တိုးတက်မှုအစီရင်ခံစာအပေါ် အာရှပစိဖိတ်ဒေသ ပူးပေါင်းအဖွဲ့နှင့်ပြုလုပ်ခဲ့သည့် မျက်နှာချင်းဆိုင်အစည်းအဝေးတွင် ဆွေးနွေးဆုံးဖြတ်ချက်များအရ APJG မှ အကဲဖြတ်သူများအနေဖြင့် မြန်မာနိုင်ငံ၏ အကောင်အထည်ဖော်ဆောင်ရွက်မှုများသည် တိုးတက်မှုရှိကြောင်းနှင့် ကြိုးပမ်းဆောင်ရွက်မှုများပေါ် အသိအမှတ်ပြုခဲ့ကြောင်း သိရသည်။

ရလဒ်ကောင်းများအနေဖြင့် ၂၀၂၁ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ အကောင်အထည်ဖော်ဆောင်ရွက်ရမည့် အစီအမံ (၅)ခုသည် ကြီးမားစွာလိုက်နာဆောင်ရွက်ရေးအဆင့်သို့ တိုးမြှင့်ရရှိခဲ့ကြောင်း၊ အသိအမှတ်ပြုတိုးတက်မှုများ ရရှိခဲ့သော်လည်း ပြည်သူလူထု၏ အကျိုးစီးပွားကိုထိခိုက်စေရန် မီဒီယာများဖြင့် တိုက်ခိုက်မှုများရှိနေကြောင်း၊ ယင်းအပေါ် AML/ CFT ဆိုင်ရာ အကောင်အထည်ဖော်တိုးတက်ဆောင်ရွက်များကို အများပြည်သူသိရှိစေရန် သတင်းထုတ်ပြန်ချက်များနှင့် ရှင်းလင်းခဲ့ကြောင်း ဗဟိုဘဏ် ဥက္ကဋ္ဌကပြောသည်။

ထို့ပြင် စင်ကာပူနိုင်ငံတွင် မကြာမီ ကျင်းပပြုလုပ်မည့် ငွေကြေးဆိုင်ရာ အရေးယူဆောင်ရွက်ရေး အဖွဲ့ (FATF) ၏ မျက်နှာစုံညီအစည်းအဝေး နှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှု လေ့လာသုံးသပ်ရေးအဖွဲ့ (ICRG) လုပ်ငန်းအဖွဲ့အစည်းအဝေးများသို့ မြန်မာကိုယ်စားလှယ်များ တက်ရောက်ရာတွင် အဓိကဆွေးနွေးသင့်သည့် အချက်များအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

APJG သို့ လေးလတစ်ကြိမ်တင်ပြရသည့် တိုးတက်မှုအစီရင်ခံစာနှင့်စပ်လျဉ်း၍ ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်ရန် ကျန်ရှိသည့်အစီအမံများအား အဆင့်သတ်မှတ်ချက် ပိုမိုရရှိရေး ကြိုးပမ်းဆောင်ရွက်ရန်နှင့် တရားမဝင်ဒီဂျစ်တယ်ငွေကြေးများ ရောင်းဝယ်လဲလှယ်ခြင်းနှင့် နိုင်ငံခြား ငွေကြေးကစားနေသူများနှင့် ဟွန်ဒီလုပ်ငန်းဆောင်ရွက်နေသူများကို တရားဝင်လိုင်စင်မရှိဘဲ ဆောင်ရွက်နေသည့်အတွက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေနှင့် ငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဗဟိုဘဏ် ဥက္ကဋ္ဌက ဆက်လက်ပြောကြားခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here