ချောင်းဦးမြို့နယ်တွင် ပဲတီစိမ်းနှင့် နှမ်းများ ထွက်အားကောင်း

0
204

ချောင်းဦးမြို့နယ်တွင် ယခုနှစ်ရာသီဥတုကောင်းသည့်အတွက် ပဲတီစိမ်းနှင့် နှမ်းများ ထွက်အားကောင်းပြီး စိုက်ပျိုးရေကို မြေအောက် မှဖိုက်ဘာ(၄)လက်မတွင်းတူး ရေယူစိုက်ပျိုးကြခြင်းဖြစ်ကြောင်း သိရသည်။

“ချောင်းဦးမြို့နယ်ထဲမှာ ဒီနှစ်နွေနှမ်း၂၁၃၆ ဧကစိုက်ထားတယ်။ စ ရိတ်နေပြီ။ ပဲတီစိမ်းက ၈၇၅၂ဧက ရှိတယ်။ စတင်ဆွတ်ခူးနေပါပြီ။ အရင်နှစ်က နှမ်း၂၁၁၀ ဧက စိုက်ပြီး ပဲတီစိမ်းက ၈၇၅၀ ဧက စိုက်ခဲ့တယ်။ စိုက်ဧကနည်းနည်းပဲတိုးပါတယ်”ဟု ချောင်းဦးမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနဦးစီးမှုး ဒေါ်ခင်မြတ်မြတ်ဦးကပြောသည်။

ချောင်းဦးမြို့နယ်တွင် နှမ်း တစ်ဧက ၁၈/၂၀ တင်းခန့်၊ပဲ တီစိမ်း တစ်ဧက၂၀/၂၅ တင်း ခန့်ထွက်ပြီး ဆင်းရတနာ (၄)နှမ်းဖြူ တစ်တင်းလျင် ကျပ် ၁၃၀၀၀၀ ဖြင့်ရောင်းရပြီး ပဲတီစိမ်းတစ်တင်းလျင် ကျပ် ၆၀၀၀၀ကျော် ဈေးရကြောင်း သိရသည်။

နှမ်းတစ်ဧက စိုက်လျင်ကုန်ကျစရိတ်ကျပ် ၁၀ သိန်းခန့် ရှိပြီး ပဲတီစိမ်းတစ်ဧကလျင် ရေတင်စရိတ်၊ မြေသြဇာသုံးစရိတ်အပေါ်မူတည်၍ တစ်ဧကလျင်ကျပ် ၇ သိန်း၊ ၈ သိန်းခန့်ကုန်ကျကြောင်း သိရသည်။

“ထွက်လာတဲ့ နှမ်းရိုးတွေကို မီးရှို့မပစ်ဘဲ EM ဘိုကာချီမြေဆွေးပုံပြုလုပ်ဖို့ ပညာပေးလုပ်နေတယ်။ နှမ်းရိတ်သိမ်းရင် ရိတ်သိမ်းလွန် နည်းပညာလိုက်နာဖို့နဲ့ နည်းစနစ်တကျရိတ်ဖို့ ပညာပေးနေပါတယ်။ ပဲတီစိမ်းကိုလည်းအလေအလွင့်မရှိအောင်စိစစ်ဖို့၊ ထယ်ထိုးပြီးသီးနှံအကြွင်းအကျန်တွေမြေမြုပ်ဖို့ ပညာပေးနေပါတယ်။ မြေအာဟာရဓာတ်ရအောင် ဖြည့်တင်းရာရောက်ပါတယ်”ဟုချောင်းဦးမြို့နယ် စိုက်ပျိူးရေးဦးစီးမှုး ဒေါ်ခင်မြတ်မြတ်ဦးကပြောသည်။

ချောင်းဦးမြို့နယ်ရှိ ချင်းတွင်းမြစ်ရေဝင် ဒေသတွင် စပါး၊ ပဲတီစိမ်း၊ မတ်ပဲ၊ နှမ်းများကို တစ်နှစ်သုံးသီး စိုက်ကြပြီး လတ်တလောတွင် ချင်းတွင်းမြစ်ရေဝင်တော့မည်ဖြစ်သဖြင့် စိုက်ပျိုးရေးလုပ်ငန်းများအားလုံးရပ်နားထားကြကြောင်းသိရသည်။

ပြီးခဲ့သည့် မေလကုန်ခန့်မှ စတင်ရပ်နားရာ လာမည့်နိုဝင်ဘာလတွင်မှ စိုက်ပျိုးရေးလုပ်ငန်းခွင်များ ပြန်လည်စတင်ကြမည်ဖြစ်သည်။

“ဆောင်းသီးနှံသိမ်းတာစောတဲ့အတွက်နွေသီးနှံသိမ်းတာလည်းစောတယ်။ တော်တော်များများပြီးနေပြီ။ ပဲတီစိမ်းကရေဆင်း(၁၁)နဲ့ (၁၄)စိုက်တာပါ။ ပဲတီစိမ်းကို သုံးထပ်ကောက်တာ တစ်ဧကကို (၂၆) တင်းလောက်ထွက်တယ်။ SN-12 နှမ်းဖြူစမ်းစိုက်ခဲ့တယ်။ မုံရွာပွဲရုံရောင်းတော့ တစ်တင်းကို တစ်သိန်းသုံးသောင်း ဈေးရပါတယ်။ နှမ်းက တစ်ဧကကို (၂၁) တင်းလောက်ရတယ်။ သခွားမွှေးစိုက်တော့ သခွားပေါင်(ဘောင်)အိတ်ဖုံးတယ်။ အိတ်ကဇစ်ပါတယ်။ သြဘာက ထွက်တဲ့ မက်ဒယ်ဆိုတဲ့ သန္ဓေပျက်ဆေး ဖြန်းပြီးနှမ်းပက်ပြီးစိုက်တာပါ” ဟု ချောင်းဦးမြို့နယ်၊ မင်းတည်ရွာ တောင်သူဦးဌေးက ပြောသည်။

ချောင်းဦးမြို့နယ်အတွင်း နွေနှမ်းနှင့် ပဲတီစိမ်းများရိတ် သိမ်းရောင်းချပြီးဖြစ်သလို အချို့မှာစတင်ရိတ်သိမ်း၊ဆွ တ်ခူးနေဆဲဖြစ်ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here