တောင်သမန်အင်းအတွင်းမိုးရာသီ၌ ငှက်လှေစီးသူ များပြားလာမည်ဟု ဆို

0
117

မန္တလေးတိုင်း၊ အမရပူရမြို့နယ်ရှိ တောင်သမန်အင်းအတွင်း လာမည့်လများ၌ အင်းရေတိုးလာတော့မည်ဖြစ်၍ ငှက်လှေစီးသူများ ယခုထက် ပိုမိုများပြားလာမည်ဟု တောင်သမန် ငှက်လှေအသင်း ဥက္ကဋ္ဌ ဦးစိုးဝင်းက ပြောသည်။

“ဦးပိန်တံတားကိုလာတဲ့ ပြည်တွင်းဧည့်သည်တွေက ငှက်လှေစီးသူနည်းတယ်။ စားသောက် အနားယူပြီး ပြန်ကြတာများတယ်။ ပြည်ပခရီးသွားအတော်များများကတော့ ဦးပိန်တံတားရောက်တာနဲ့ ငှက်လှေစီးလေ့ရှိကြတယ်။ ခုတလောမှာ အင်းရေနည်းတော့ ပြည်ပခရီးသွားတွေကို ခရီးသွားအေဂျင်စီတွေက မပို့ကြသေးဘူး။ လာမယ့်လမှာ အင်းရေ တိုးလာတော့မယ်ဆိုတော့ ငှက်လှေစီးသူများလာနိုင်တယ်” ဟု ၎င်းက ပြောသည်။

လက်ရှိတွင် ရုံးပိတ်ရက်များနှင့် ဥပုသ်ရက် အခါကြီးနေ့ရက်များ၌ ပုံမှန်ကြားရက်များထက် ငှက်လှေစီးသူ များပြားသဖြင့် ထိုရက်များတွင် ငှက်‌လှေသမားများ ဝင်ငွေကောင်းသည်ဟု သိရသည်။

တောင်သမန် အင်းရေသည် ဧရာဝတီမြစ်နှင့် ဆက်စပ်နေခြင်းကြောင့် ယခုရက်ပိုင်း မြစ်ရေကျဆင်းသဖြင့် အင်းရေမှာလည်းပြီးခဲ့သည့် သီတင်းတစ်ပတ်ကျော်ကထက် အင်းရေ ကျဆင်းသွားခဲ့ရာ လာမည့်လများတွင် မြစ်ရေပြန်တိုးလာတော့မည်ဖြစ်ကြောင်း သိရသည်။

အင်းရေများပြားချိန်တွင် ဦးပိန်တံတားနှင့် တောင်သမန်အင်းအလှ ပိုမိုပြည့်စုံသဖြင့် ယင်းအချိန်များ၌ ပြည်ပခရီးသွားများ လာရောက်မှုများပြားလေ့ရှိကြောင်း သိရသည်။

တောင်သမန် ငှက်လှေအသင်းတွင် ငှက်လှေအစင်းပေါင်း (၄၃) စင်းရှိကာ ငှက်လှေစီးခမှာ စီးနင်းလိုက်ပါသူ ဦးရေအနည်းအများနှင့် အင်းအတွင်းလှည့်ပတ်သည့် နေရာပေါ်မူ တည်၍ ငွေကျပ် (၁၀၀၀၀) မှ (၁၂၀၀၀) အထိရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here