ရှမ်းမြောက် နောင်ချိုမြို့တွင် ငွေကျပ်သိန်း (၂၅၀၀) တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

0
139

ရှမ်းပြည်နယ် မြောက်ပိုင်း၊ နောင်ချိုမြို့တွင် ငွေကျပ်သိန်း (၂၅၀၀) တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ ထုတ်ပြန်ချက်အရ သိရသည်။

ရှမ်းပြည်နယ် မြောက်ပိုင်း၊ နောင်ချိုမြို့အဝင် အိုရီယမ်တယ်တိုးဂိတ်အနီးတွင် ဇွန် (၂၁) ရက်၊ ညနေ (၃)နာရီ (၁၅)မိနစ် အချိန်က မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေခဲ့ခြင်းဖြစ်သည်။

ထိုသို့ စစ်ဆေးရာ လားရှိုးမြို့ဘက်မှ နောင်ချိုမြို့ဘက်သို့ စိုင်းထွန်းလှ(ခ)ထွန်းလှ မောင်းနှင်ပြီး စောမိုးကျော်သူ လိုက်ပါလာသည့် SOUEAST အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် သိုဝှက်သယ်ဆောင်လာသော စိတ်ကြွရူးသွပ်ဆေးပြား (၅၀၀၀၀၀) ပြား ဒေသကာလပေါက်ဈေးတန်ဖိုး ငွေကျပ်သိန်း (၂၅၀၀)နှင့် လက်ကိုင်ဖုန်း (၂) လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

ကွင်းဆက်ဖော်ထုတ်ချက်အရ ဇွန် (၂၂) ရက်၊ နေ့လယ် (၁) နာရီ (၄၀)မိနစ်အချိန်တွင် အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ခိုင်းသူ စိုင်းမိုးမြင့်သူ အား ကျိုက်မရောမြို့နယ်၊ ဇာသပြင်တံတား အနီးတွင် SOUEAST အမျိုးအစား မော်တော်ယာဉ် (၁)စီး၊ မြန်မာငွေကျပ် ၅.၄ သိန်း၊ လက်ကိုင်ဖုန်း (၂) လုံးတို့နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သတင်းထုတ်ပြန်သည်။

ထို့ကြောင့် စိုင်းထွန်းလှ(ခ)ထွန်းလှ(၃၄)နှစ်၊ စောမိုးကျော်သူ(၅၁)နှစ် နှင့် စိုင်းမိုးမြင့်သူ(၄၃)နှစ်တို့အား နောင်ချိုမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ ထုတ်ပြန်ချက်အရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here