ပြင်ပစားအုန်းဆီဈေးကြောင့် မုံရွာမြို့ရှိ ဆီကြော်လုပ်ငန်းများအခက်တွေ့

0
120

မုံရွာမြို့တွင် ပြင်ပစားအုန်းဆီ ဈေးနှုန်းမှာ အစိုးရ၏ လက်ကားရည်ညွှန်းဈေးနှုန်း၏ (၃)ဆ နီးပါးဖြစ်နေသောကြောင့် ဆီကြော်လုပ်ငန်းလုပ်ကိုင်သူများ အခက်တွေ့နေရကြောင်း သိရသည်။

စားအုန်းဆီ လက်ကားရည်ညွှန်းဈေးနှုန်းသည် တစ်ပိသာ (၅၄၀၀) ကျပ်ဖြစ်သော်လည်း မုံရွာမြို့တွင် ပြင်ပလက်လီပေါက်ဈေး (၁၄၀၀၀)ကျပ်မှ (၁၅၀၀၀)ကျပ် ကြားရှိနေသောကြောင့်ဆီကြော်လုပ်ငန်းငယ်များ အခက်တွေ့ကာ ဆိုင်ပိတ်ထားရသည်အထိပင်ရှိလာကြောင်း သိရသည်။

“စားဆီဈေးတက်လို့ အကြော်ရောင်းတာ (၅၀၀)ဖိုး (၅)ခုရောင်းရာက (၅၀၀) ဖိုး (၄) ခုရောင်းတယ်။ ဆီဈေးကထပ်တက်တယ်။ အကြော်ကိုဈေးဆက်တက်ရောင်းဖို့ အဆင်မပြေတော့ဘူး။ ခဏခဏတက်ရင် ဝယ်စားသူတွေက ပြောကြတော့မယ်။ အဲဒါကြောင့်ယာယီနားထားရတယ်”ဟု မုံရွာမြို့တွင် အကြော်စုံရောင်းနေသူတသ်ဦးက ပြောသည်။

ဇွန် (၁၇) ရက်မှ (၂၃) ရက်အထိ လက်ကားရည်ညွှန်းဈေးသည် စားအုန်းဆီတစ်ပိဿာလျှင် (၅၃၇ဝ) ကျပ်ဖြစ်ပြီး ဇွန် (၂၄)ရက်မှ ဇွန် (၃၀) ရက်အထိ လက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာလျှင် (၅၄၀၀) ကျပ်ဖြစ်သောကြောင့် ၃၀ ကျပ်မြင့်တက်ခဲ့ကြောင်း သိရသည်။

“မုံရွာမြို့မှာ အရင်ကလို ဆီကိုတန်းစီဝယ်ရတာမျိုးမရှိတော့ဘူး။ ကားတွေနဲ့ရောင်းပေးတာမျိုး လုံးဝမတွေ့တော့ဘူး။ တန်းစီဝယ်ရတယ်ဆိုပေမယ့် အပြင်ပေါက်ဈေးထက်တော့ သက်သာတယ်လေ။ တစ်ယောက်တစ်ပိဿာလောက်တော့ ရောင်းပေးစေချင်တယ်” ဟု မုံရွာမြို့တွင် နေထိုင်သည့်အိမ်ရှင်မတစ်ဦးက ပြောသည်။

မုံရွာမြို့တွင် စားအုန်းဆီများ နေ့စဉ်ဖြန့်ချိပေးခြင်းမရှိသေးခြင်းနှင့် ပြင်ပဈေးကွက်တွင် စားသုံးဆီ ဝယ်ယူမရသောကြောင့် စားသောက်ဆိုင်များ၊ ထမင်းဆိုင်များလည်း အခက်အခဲကြုံတွေ့နေရကြောင်း သိရသည်။

ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းအပါအဝင် မသမာသည့်လုပ်ဆောင်မှုများ ပြုလုပ်ပါကအရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း စားသုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက ထုတ်ပြန်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here