ပလက်ဝ – ဇိုရမ်ပူလမ်းနှင့် ယာကြီး – ကလေးဝ လမ်းပိုင်းတို့ကို အဆင့်မြှင့်တင်ခြင်းအပါအဝင် နှစ်နိုင်ငံကုန်သွယ်မှုဆိုင်ရာကိစ္စရပ်များအား ဆွေးနွေးခဲ့

0
129

ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်သည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယ သံအမတ်ကြီးအား လက်ခံတွေ့ဆုံကာ ပလက်ဝ – ဇိုရမ်ပူလမ်းနှင့် ယာကြီး – ကလေးဝ လမ်းပိုင်းတို့ကို အဆင့်မြှင့်တင်ခြင်းအပါအဝင် နှစ်နိုင်ငံကုန်သွယ်မှုဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်သည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး မစ္စတာအဘ်ဟေး တာကူးရ် (H.E. Mr. Abhay Thakur) အား ဇွန်လ (၂၄) ရက်၊ မွန်းလွဲ (၂) နာရီတွင် နေပြည်တော်ရှိ ဆောက်လုပ်ရေးဝန်ကြီးဌာနဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ခြင်းဖြစ်သည်။

တွေ့ဆုံစဉ် မြန်မာ – အိန္ဒိယ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်လျက်ရှိသော လမ်းပန်းဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ နယ်စပ်ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ကုန်စည်စီးဆင်းမှုပိုမိုမြန်ဆန်ချောမွေ့၍ ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝ ပိုမိုတိုးတက်စေရန် ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် အိန္ဒိယနိုင်ငံ၏ အကူအညီ အထောက်အပံ့ (Grant Aid) ဖြင့် ဆောင်ရွက်သော ပလက်ဝ – ဇိုရမ်ပူ လမ်းနှင့် ယာကြီး – ကလေးဝလမ်း အပိုင်းတို့ကို အဆင့်မြှင့်တင်ခြင်း၊ တမူး – ကျီကုန်း- ကလေးဝလမ်းပေါ်ရှိ တံတား (၆၉) စင်းအား ပြုပြင်ထိန်းသိမ်းခြင်းနှင့်စပ်လျဉ်း၍ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဝန်ကြီးဌာနမှ အကြီးအကဲများနှင့် မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယသံရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here