ဒေလီအတွက်ရေပိုမိုရရှိ‌ရေးအစာငတ်ခံဆန္ဒပြမည်ဟုဒေလီဝန်ကြီးဆို

0
204

နူးဒေလီ၊ဇွန် ၂၄

အိန္ဒိယနိုင်ငံ၌ အပူချိန်အလွန်အမင်းမြင့်တက်မှုကြောင့် မြို့တော်နူးဒေလီတွင် သောက်သုံးရေပြတ်တောက်လျက်ရှိပြီး ရေအလုံအလောက်ရရှိအောင် ဆောင်ရွက်နိုင်ခြင်းမရှိသဖြင့် နူးဒေလီဝန်ကြီးတစ်ဦးက ရက်အကန့်အသတ်မရှိ အစာငတ်ခံဆန္ဒပြတောင်းဆိုမည်ဖြစ်သည်ဟုသိရသည်။

“မြို့ထဲမှာ ရေတစ်စက်ကြောင့် ဒုက္ခ ခံစားနေရတဲ့ လူပေါင်း ၂ ဒသမ ၈ သန်းရှိပါတယ်” ဟု ဒေလီ ရေပေးဝေရေးဝန်ကြီး အာတီရှီက ဇွန် ၂၄ ရက်တွင် ပြောကြားခဲ့ပြီး ၎င်းသည် အာတီရှီ၏အစာငတ်ခံဆန္ဒပြမှု စတုတ္ထမြောက်နေ့လည်းဖြစ်သည်။

အိန္ဒိယလူမျိုးသန်းပေါင်းများစွာသည် နွေရာသီ၌ ရေရှားပါးမှုကြုံတွေ့ရလေ့ရှိပြီး လယ်ယာများ၊ရုံးခန်းများနှင့် နေအိမ်များတွင် ရေလိုအပ်ချက်မြင့်တက်နေသော်လည်း ယခုနှစ်၏တာရှည်အပူလှိုင်းက ရေရှားပါးမှုကိုပိုမိုဆိုးရွားစေခဲ့သည်။

ဒေလီသည် ၎င်း၏ရေလိုအပ်ချက်အများစုအတွက် မြို့တော်ကိုဖြတ်၍ စီးဆင်းနေသော ယမုံနာမြစ်ကို မှီခိုနေရသော်လည်း ခြောက်သွေ့သောနွေရာသီလများတွင်မူ မြစ်ရေစီးဆင်းမှုနှေးကွေးကာ ရေပြတ်တောက်မှုများဖြစ်ပေါ်လေ့ရှိသဖြင့် နှစ်စဉ် ဆန္ဒပြမှုများနှင့်ပိုမိုကောင်းမွန်သောရေထိန်းသိမ်းရေးစနစ်အားတောင်းဆိုမှုများလည်းဖြစ်‌ပေါ်လေ့ရှိသည်။

Source : ရိုက်တာ/အက်ဖ်အိတ်ခ်ျ


LEAVE A REPLY

Please enter your comment!
Please enter your name here