ပြည်တွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ မြှင့်တင်ရေးဆွေးနွေးပွဲ ၂၀၂၄ ကို မကွေးတိုင်းတွင် ကျင်းပ

0
235

မကွေးတိုင်းဒေသကြီးအတွင်းရှိ ပြည်တွင်းရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ မြှင့်တင်ရေးဆွေးနွေးပွဲ ၂၀၂၄ ကို ဇွန် (၂၅) ရက်တွင် ကျင်းပခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲတွင် ပြည်တွင်းစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ကြီးမားသော အခွင့်အလမ်းများကို ဖန်တီးပေးနိုင်သော မကွေးတိုင်းဒေသကြီးအတွင်း MSME လုပ်ငန်းများအပါအဝင် ပြည်တွင်း၊ နိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် နိုင်ငံတော်က လိုအပ်သည်များကို စိစစ်ဖြည့်ဆည်းနိုင်ရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က ပြောကြားခဲ့သည်။

ထို့ပြင် ပြည်တွင်းရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို မြှင့်တင်ဆောင်ရွက်ခြင်းဖြင့် လက်ရှိလုပ်ငန်းများ ပိုမိုအခြေခိုင်မာစွာ လည်ပတ်နိုင်ပြီး ဒေသထုတ်ကုန်များ ထုတ်လုပ်မှုတိုးတက်လာစေရေး ကြိုးပမ်းကြစေလိုကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။

ဖွင့်ပွဲအခမ်းအနားအပြီးတွင် ဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ တာဝန်ရှိသူများက “မကွေးတိုင်းဒေသကြီး၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အလမ်းများ” ခေါင်းစဉ်ဖြင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ စိုက်ပျိုးရေး၊ စက်မှုလက်မှု၊ ဟိုတယ်နှင့်ခရီးသွားလာရေး၊ ရေနံနှင့် သဘာဝဓာတ်ငွေ့၊ မွေးမြူရေးနှင့် ရေလုပ်ငန်း၊ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်းများ၏ အလားအလာကောင်းများကို အချက်အလက်များဖြင့် တင်ပြခဲ့ကြောင်း သိရသည်။

ယင်းနောက် မကွေးတိုင်းဒေသကြီးအတွင်း အလျင်အမြန် ဖွံ့ဖြိုးတိုးတက်လာနိုင်သည့် ဆီထွက်သီးနှံနှင့် ဝါစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ၊ နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးကဏ္ဍနှင့် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းကဏ္ဍတို့ကို အားပေးမြှင့်တင်နိုင်ရန် စကားဝိုင်းဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ ကျွမ်းကျင်သူများက သက်ဆိုင်ရာ ကဏ္ဍအလိုက်ပါဝင်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲကို မကွေးတိုင်းဒေသကြီးအတွင်းရှိ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများကို ပိုမိုသိရှိနိုင်စေရန်၊ ရင်းနှီးမြှုပ်နှံမှုနှင့် ဆက်စပ်သည့် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နိုင်စေရန်နှင့် လုပ်ငန်းရှင်များ တွေ့ကြုံနေရသော ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခက်အခဲများကို ပေါင်းစပ်ညှိနှိုင်းကူညီပေးနိုင်ရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here