တစ်ကျော့ပြန် ရှမ်းမြောက်တိုက်ပွဲအတွင်း ဒေသတွင်း တံတားငယ် (၃)စင်း ထပ်မံ ပျက်စီးဆုံးရှုံးခဲ့ရဟု ဆို

0
70

ယမန်နေ့ နံနက်ပိုင်းက စတင်ဖြစ်ပွားနေသည့် ရှမ်းမြောက် တစ်ကျော့ပြန် တိုက်ပွဲအတွင်း ဒေသတွင်းတံတားငယ် (၃) စင်း ထပ်မံပျက်စီးဆုံးရှုံးခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

ပျက်ဆီးဆုံးရှုံးသွားသည့် တံတားများမှာ သီပေါ- လားရှိုး ပြည်ထောင်စု လမ်းမပေါ်ရှိ ဆွတ်လန်းတံတား၊ လားရှိုးမြို့နယ် ခိုလိပ်-မန်ပွဲရွာအကြားရှိ တံတားနှင့် မန်စံရေကျရွာရှိ တံတားငယ် တစ်စင်းတို့ဖြစ်‌ကြောင်း သိရသည်။

ယနေ့ ညနေပိုင်းအချိန်အထိ ဒေသခံပြည်သူ(၁၀)ဦးခန့် ထိခိုက်ဒဏ်ရာရှိထားပြီး ‌ေ-သဆုံးမှုများလည်းရှိနိုင်ကာ ဒေသခံ စစ်ရှောင်အရေးကူညီ‌သူများပင် စာရင်းအတိအကျကောက်ယူရန် အခက်ကြုံနေကြသည်ဟု ဆိုသည်။

တိုက်ပွဲမဖြစ်ပွားမီ ဇွန်လ (၁၂) ရက်တွင်လည်း နမ္မတူ – သီ ပေါ ကားလမ်းနှင့် လားရှိုး – မိုင်းယော် ကားလမ်းပိုင်းတွင်လည်း လမ်းပိုင်းဖျက်ဆီးခံရမှုများရှိခဲ့သည်ဟု ဒေသတွင်းသတင်းများတွင် ဖော်ပြထားသည်။

လက်ရှိတွင် လားရှိုးမြိုအနီး တိုက်ပွဲဖြစ်ပွားခြင်း မရှိသေးဘဲ ကျောက်မဲမြို့နှင့် နောင်ချိုမြို့ အနီးတွင် ယမန်နေ့ဇွန် (၂၅) ရက် နံနက်အစောပိုင်းမှ စတင်၍ တပ်မတော်နှင့် TNLA လက်နက်ကိုင်အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားလျှက်ရှိသည်။

ရှမ်းပြည်နယ် မြောက်ပိုင်းတွင်၂၀၂၃ ခုနှစ် အောက်တိုဘာတွင်စတင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးအတွင်း မန္တလေး – မူဆယ် ပြည်ထောင်စုလမ်းမကြီး တလျှောက်ရှိ ကျောက်မဲ – သီပေါ ဆက်သွယ်ထားသည့် ကျင်သီတံတား၊ လားရှိုး – ကွတ်ခိုင် ဆက်သွယ်ထားသည့် သိန္ဒီတံတား၊ လားရှိုး-သီပေါ ဆက်သွယ်ထားသည့် စဉ့်အင်တံတား၊ လားရှိုး – နမ္မတူ(နမ်ဆမ်)ဆက်သွယ်ထားသည့် အီနိုင်း တံတား၊ သီပေါ – နမ္မတူ ဆက်သွယ်ထားသည့် မိုးတေတံတားနှင့် ကျောက်မဲ – မိုင်ငေါ့ ဆက်သွယ်ထားသည့် နန့်မန်းတံတားတို့ ပျက်စီးဆုံးရှုံးခဲ့ရပြီး လက်ရှိအချိန်ထိ လမ်းပန်းဆက်သွယ်ရေး အခက် အခဲများ ကြုံတွေ့နေရဆဲ ဖြစ်သေးသည်။

ဓာတ်ပုံ-CJ


LEAVE A REPLY

Please enter your comment!
Please enter your name here