အမှိုက်မီးပုံးပျံများကြောင့် အင်ချွန်းလေဆိပ်ပြေးလမ်းများခေတ္တပိတ်လိုက်ရ

0
101

ဆိုးလ်၊ဇွန် ၂၆

မြောက်ကိုရီးယားက လွှတ်တင်လိုက်သည့် အမှိုက်များပါဝင်သည့်မီးပုံးပျံများကြောင့် တောင်ကိုရီးယားမှ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်၏ လေယာဉ်ထွက်ခွာ၊ဆင်းသက်ခြင်းများကို သုံးနာရီခန့် ခေတ္တရပ်တန့်လိုက်ရကြောင်း လေဆိပ်ပြောရေးဆိုခွင့်ရှိသူကပြောကြားခဲ့သည်။

“အမှိုက်ပါတဲ့မီးပုံးပျံတစ်လုံးက Terminal 2 နားကပြေးလမ်းပေါ် ကျလာတာမို့ အင်ချွန်းမှာရှိတဲ့ ပြေးလမ်းသုံးခုလုံးကို ယာယီရပ်ဆိုင်းလိုက်ရပါတယ်” ဟုလည်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။

မြောက်ကိုရီးယားသည် အမှိုက်မီးပုံးပျံများအား မေလကုန်ပိုင်းကတည်းက လွှတ်တင်နေခြင်းဖြစ်ပြီး တောင်ကိုရီးယားနယ်နိမိတ်အတွင်းသို့ အလုံးရေရာနှင့်ချီကျရောက်ခဲ့ကာ အင်ချွန်းလေဆိပ်နားသို့လည်း မီးပုံးပျံများရောက်လာလေ့ရှိပြီး ယခင်အခေါက်များက လေဆိပ်အနီးနား၌သာကျသွားခြင်းကြောင့် ပိတ်ရသည်အထိမဖြစ်ခဲ့ပေ။

ပြည်တွင်းနှင့်နိုင်ငံတကာလေကြောင်းများ ပြတ်တောက်မှုသည် နံနက် ၁ နာရီ ၄၆ မိနစ်မှ ၄ နာရီ ၄၄ မိနစ်ကြားတွင်ဖြစ်ပွားခဲ့ပြီး လေယာဉ်ပြေးလမ်းရှင်းလင်းပြီးချိန်မှစ၍ ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်းလည်း အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်ကော်ပိုရေးရှင်းမှ ပြောကြားခဲ့သည်။

Source : ရိုက်တာ၊အီးစီ


LEAVE A REPLY

Please enter your comment!
Please enter your name here