ရုရှားမှမြောက်ကိုရီးယားတိုက်ရိုက် ခရီးသည်တင်ရထားများ ဇူလိုင်လ၌ ပြန်လည်ပြေးဆွဲမည်

0
110

မော်စကို၊ဇွန် ၂၆

ကိုဗစ်ကပ်ရောဂါကြောင့် လေးနှစ်ကြာရပ်နားထားရသည့် ရုရှား – မြောက်ကိုရီးယား ခရီးသည်တင်ရထားများ တိုက်ရိုက်ပြေးဆွဲမှုများကို လာမည့်ဇူလိုင်လဆန်းပိုင်းတွင် ပြန်လည်ပြေးဆွဲတော့မည်ဖြစ်ကြောင်း ရုရှားသတင်းဌာန Interfax ကဖော်ပြခဲ့သည်။

မြောက်ကိုရီးယားနှင့်နယ်နိမိတ်ချင်းထိစပ်နေသည့် ရုရှားအရှေ့ဘက်အစွန်ဆုံးဒေသ Primorsky Krai မှ အုပ်ချုပ်ရေးမှူး Oleg Kozhemyako ကမူ ရထားများသည် ဗလာဒီဗိုစတော့ခ်မြို့မှစတင်ကာ မြောက်ကိုရီးယားဆိပ်ကမ်းမြို့ ရာဆန်အထိပြေးဆွဲမည်ဟုလည်းဆိုခဲ့သည်။

“ဗလာဒီဗိုစတော့ခ်ကနေ ပြည်သူတွေဟာ
မြောက်ကိုရီးယားကို တန်းတန်းမတ်မတ်လာပြီး အလှအပ၊သဘာဝနဲ့ ယဉ်ကျေးမှုတွေကိုခံစားရင်း ဓလေ့ထုံးတမ်းတွေကို ရင်းရင်းနှီးနှီး ဖလှယ်နိုင်ကြမှာပါ” ဟုလည်းပြောကြားခဲ့သည်။

ရုရှား၏ ယူကရိန်းစစ်ဆင်ရေးကြောင့် ကမ္ဘာ့နိုင်ငံအများအပြားက ပိတ်ဆို့ဒဏ်ခတ်ခဲ့ရာ မော်စကိုသည် ပြုံယမ်းနှင့် နှစ်နိုင်ငံဆက်ဆံရေး မြှင့်တင်နိုင်ရန်ကြိုးပမ်းနေခြင်းလည်းဖြစ်သည်။

သမ္မတဗလာဒီမာပူတင်သည် ၂၀၀၀ ပြည့်နှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် မြောက်ကိုရီးယားသို့ ပြီးခဲ့သည့် ရက်သတ္တပတ်က လာရောက်လည်ပတ်ခဲ့ပြီး မော်စကိုသည် ပြုံယမ်းနှင့်ဆက်ဆံရေးနက်ရှိုင်းစေရန်ကတိပြုကာ အပြန်အလှန် ကာကွယ်ရေးကတိကဝတ်များပါဝင်သည့် နှစ်နိုင်ငံသဘောတူစာချုပ်ကိုလည်း လက်မှတ်ရေးထိုးခဲ့သေးသည်။

Source : ရိုက်တာ/အေတီ


LEAVE A REPLY

Please enter your comment!
Please enter your name here