ကျိုက်ထိုတွင် သဘာဝဘေးကယ်ဆယ်ရေးဇာတ်တိုက်လေ့ကျင့်

0
46

မွန်ပြည်နယ်၊ကျိုက်ထိုမြို့တွင် မြို့နယ်အဆင့် သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးလုပ်ငန်း ဇာတ်တိုက်လေ့ကျင့်မှုကို ယနေ့ ဇွန်(၂၆) ရက်၊ နံနက်ပိုင်းတွင် ပြုလုပ်ခဲ့သည်။

အဆိုပါ ဇာတ်တိုက် လေ့ကျင့်မှုအား မြို့နယ်အဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီ၏ အစီအစဉ်ဖြင့် ပြုလုပ်ခဲ့ကြခြင်းဖြစ်ပြီး မီးသတ်ဌာန၊ ကြက်ခြေနီအဖွဲ့၊ ပရဟိတအဖွဲ့သားများနှင့်အတူ ကျန်းမာရေးဝန်ထမ်းများ ပူးပေါင်းပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကမ်းရိုးတန်းဒေသ တစ်ခုဖြစ်သည့်မွန်ပြည်နယ်တွင် ပြည်နယ်အဆင့်သဘာ‌ဝဘေး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများလေ့ကျင့်ပြင်ဆင်မှုကို ယခုလ ဇွန်(၇)ရက်တွင် ပြုလုပ်ခဲ့ကြသေးသည်။

ပြည်နယ်အဆင့် သဘာဝဘေးကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်ခန်းဆောင်ရွက်ရာ၌ ရေဘေးအတွက် နှိုးဆော်သတိပေးခြင်း၊ ရေဘေးကျရောက်နိုင်သည့် ဒေသများအတွင်း နေထိုင်သူများကို ရွှေ့ပြောင်းခြင်း၊ ရေစီးနှင့်အတူ မျှောလာသူများကို ကယ်ဆယ်ခြင်း၊ ရေဘေးသင့်နေရာများတွင် လှည့်လည်စစ်ဆေးဆောင်ရွက်ခြင်းနှင့် ယာယီကယ်ဆယ်ရေးစခန်း၌ ဆေးဝါးကုသမှုနှင့် စားရေရိက္ခာဝေငှပြီး ထိခိုက်ဒဏ်ရာရရှိသူများကို ရှေးဦး သူနာ ပြုစုခြင်းနှင့်ဆေးရုံ/ ဆေးခန်းများသို့ ပို့ဆောင်ပေးခြင်း စသည်များကို ဇာတ်တိုက်လေ့ကျင့်ခဲ့ကြခြင်းဖြစ်သည်။

လက်ရှိတွင် မွန်ပြည်နယ်အတွင်း သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ ဘေးမဖြစ်ပွားမီ၊ ဘေးဖြစ်ပွားနေစဉ်၊ ဘေးဖြစ်ပွားပြီး ဆောင်ရွက်ရမည့်လုပ်ငန်းများကို အနီးကပ်ကြီးကြပ်ကာ ထိရောက်စွာဆောင်ရွက်နိုင်ရန် သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး လုပ်ငန်းကော်မတီ (၁၂) ခုဖြင့် ဖွဲ့စည်းဆောင်ရွက်လျက်ရှိကြောင်း ပြည်နယ်အ စိုးရအဖွဲ့ထံမှ သိရသည်။

ကမ္ဘာ့ရာသီဥတုပြောင်းလဲမှု(Global Climate Change) ဖြစ်စဉ်များကြောင့် နိုင်ငံတကာတွင် သဘာဝဘေးအန္တရာယ်များ နှစ်စဉ် ပိုမိုဖြစ်ပွားလျက်ရှိရာ ကမ္ဘာ့အပူချိန်သည် (၁.၅) ဒီဂရီစင်တီဂရိတ် တိုးမြှင့်လာပြီး ကမ္ဘာတစ်ဝန်း၌ စုစုပေါင်းလူဦးရေ သန်း(၂၃၀)ခန့် နှစ်စဉ်သဘာဝဘေးအန္တရာယ်များရင်ဆိုင်ကြုံတွေ့ ခံစားနေရကာ ပျမ်းမျှလူဦးရေ (၈၅,၀၀၀) ခန့် အသက်ဆုံးရှုံးလျှက်ရှိ ကြောင်း IPCC (Intergovernmental Panel on Climate Change)က ဖော်ပြထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here