ကော့သောင်းခရိုင်၊ မာရမ်းကျေးရွာမှ ဒေသခံပြည်သူ (၂၀၀) ကျော် ထိုင်းနိုင်ငံအတွင်းသို့ စစ်ဘေးရှောင်နေရ

0
71

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့နယ်၊ မာရမ်းကျေးရွာအနီးတွင် တိုက်ပွဲများဖြစ်ပွားနေခြင်းကြောင့် ဒေသခံ(၂၀၀)ကျော်မှာ ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်ခိုလှုံနေကြရကြောင်း ကော့သောင်းမြို့ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။

အဆိုပါ ဒေသခံပြည်သူ (၂၀၀)ကျော်မှာ ဇွန်(၂၂)ရက်၊ နံနက်ပိုင်းကပင် ထိုင်းနိုင်ငံ၊ ကရဘူရီမြို့နယ်၊ နမ်းကျု့ကျေးရွာအုပ်စု၊ နမ်းဒင်ကျေးရွာဘက်သို့ သွားရောက်ကာ စစ်ဘေးရှောင်နေကြခြင်းဖြစ်သည်။

ဒေသခံစစ်ရှောင်များအနက် သက်ကြီးပိုင်းများနှင့် က-လေ-းငယ်များပါဝင်နေပြီး၊ ထိုင်းနိုင်ငံအာဏာပိုင်များက လူသားချင်းစာနာမှုဆိုင်ရာ အကူအညီမှုအရ နေရာထိုင်ခင်းများ ကူညီပေးထားသည်ဟု ထိုင်းအခြေစိုက် သတင်းတစ်ရပ်တွင်လည်း ဖော်ပြထားသည်။

ယခုလဇွန်(၂၂)ရက် နံနက်ပိုင်းတွင် ဒေသတွင်းလက်နက်ကိုင်အဖွဲ့များက လုံခြုံရေးရဲကင်းတစ်ခုအား ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ရာမှ တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ပြီး မာရမ်းကျေးရွာ ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်နေကြရခြင်းလည်းဖြစ်သည်။

လက်ရှိတွင် စစ်ဘေးရှောင် မြန်မာပြည်သူများကို ထိုင်းနိုင်ငံ၊ တာဝန်ရှိသူများက တည်းခိုရန်နေရာ၊ စားသောက်စရာနှင့် သောက်ရေသန့်ဘူးများ အပါအဝင် လိုအပ်သည်များကို စီမံပေးထားပြီး မြန်မာနိုင်ငံဘက်ခြမ်းတွင် တည်ငြိမ်‌အေးချမ်းသွားသည့်အခါမှသာ နေရပ်ပြန်လည်ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း ထိုင်းအခြေစိုက် ဒေသတွင်း သတင်းတစ်ခု၏ ဖော်ပြချက်အရ သိရသည်။

တနင်္သာရီတိုင်း၌ ယခု ဇွန်လအတွင်း နှစ်ဘက်ထိတွေ့တိုက်ပွဲဖြစ်ပွားမှု အကြိမ်ရေ (၆၀)ကျော်ရှိနေပြီး နေရပ်စွန်ခွာထွက်ပြေးရသူ ခြောက်သောင်းနီးပါးအထိ ရှိနေသည်ဟု ဒေသတွင်းစစ်ရှောင်များအရေး စစ်တမ်းကောက်ယူနေသည့် FE5Tanintharyi ၏ မှတ်တမ်းများအရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here