ကျောက်မဲမြို့အနီး တိုက်ပွဲကြောင့် မန္တလေး -မူဆယ်သွားလမ်းပိုင်းအချို့ရပ်နားထားရ၊ အခြားသောလမ်းပိုင်းများမှ လုံခြုံရေးအရ သတိထားသွားလာမှုများလည်းရှိနေ

0
136

ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့အနီးဖြစ်ပွား‌နေသည့်တိုက်ပွဲကြောင့် မန္တလေး-မူဆယ်သွားလမ်းပိုင်းအချို့ပိတ်ဆို့မှုများဖြစ်ပွားခဲ့ရပြီး လုံခြုံရေးအရ သတိထားသွားလာနေကြရကြောင်း ကျောက်မဲဒေသခံသတင်းရင်းမြစ်တစ်ဦးက ပေါ်ပြူလာနယူးစ်ကိုပြောသည်။

တိုက်ပွဲ‌ကြောင့် မန္တလေးဘက်မှလာသည့် ခရီးသွားယာဥ်အချို့ ပြင်ဦးလွင်မြို့မှပြန်လှည့်နေကြသည် ရှိနေသလို၊ မူဆယ်ဘက်မှ လာသည့်ခရီးသွားယာဉ်များအနေဖြင့်လည်း သီပေါမြို့မှ ပြန်လှည့်နေကြသည့် အခြေအနေတွင်ရှိနေကြောင်းကနဦး သိရသည်။

” ခရီးသွားယာဉ်တွေ ပြန်လှည့်နေရတယ်။ အချို့သွားရဲတဲ့ကားတွေကတော့ မိုင်းရယ်ဘက်ကသွားကြတယ်။ အရင် ရာသီဥတုကြောင့် လမ်းလွှဲတွေက သွားနိုင်ပေမယ့် တိုက်ပွဲဖြစ်တော့ ဘယ်လမ်းမှသွားလို့မရတော့တဲ့ အခြေအနေပေါ့။
အချို့တွေလည်း သွားလို့ရတဲ့ လမ်းပိုင်းတွေကနေသွားနေကြပေမယ့် စိတ်ချရမှုမရှိတော့ နားလိုက်ကြတာများတယ်။ နောက်ပိုင်း တိုက်ပွဲ ဒီထက်ပြင်းထန်လာရင်တော့ဒေသတွင်း စားနပ်ရိက္ခာပါ စိုးရိမ်ရတယ်။ ဈေးနှုန်းတွေမြင့်တက်လာနိုင်တယ်”ဟု ၎င်းက သူ၏အမြင်ကို ပြောသည်။

ယနေ့တွင် မန္တလေး-လားရှိုး လမ်းပိုင်း အတက်အဆင်းကားများ သွားလာနေကြသေးပြီး၊ ဘန့်ဘွေး-ကံကြီး (သကြားစက်လမ်း)၊ ကျောက်ဂူ- နမ့်လန်-ပန်ညှ-မိုင်းရယ်လမ်းပိုင်းနှင့် မိုင်းရယ်-ပန်ညှ-ရွာငံလမ်းပိုင်းများမှ အဆင်ပြေသလို သွားလာနေကြကြောင်း သိရသည်။

လက်ရှိတွင် တိုက်ပွဲကြောင့် ထိခိုက်‌ေ-သဆုံးသူများရှိသလို ယမန်နေ့က ဖြစ်ပွားခဲ့သောတိုက်ပွဲကြောင့် အောင်မြေသာ ဘုန်းကြီးကျောင်းနှင့်လူနေအိမ်အချို့ ထိခိုက်ပျက်ဆီးမှုများရှိနေကြောင်း သိရသည်။

ဇွန်(၂၅)ရက် နံနက်အစောပိုင်းတွင် စတင်ဖြစ်ပွားခဲ့သော ရှမ်းပြည်နယ်မြောက်ပိုင်း ၊ကျောက်မဲမြို့အနီး တိုက်ပွဲများကြောင့် ဒေသခံစစ်ရှောင်ပြည်သူ (၃၀၀)နီးပါးလည်း စစ်ရှောင်စခန်း(၅)ခုတွင် စစ်ရှောင်နေကြရသည်။

ယင်းအရေအတွက်သည် စခန်း(၅)ခုအတွင်း သို့ လာ ရောက်ခိုလှုံနေကြသည့် စာရင်းသာဖြစ်ပြီး၊ အခြားသော ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်‌နေကြသည့်စာရင်း မပါဝင်သေးကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here