ဘဝနတ္ထံ ပျံလွန်တော်မူခဲ့ပြီးဖြစ်သည့် ဝင်းနိမ္မိတာရုံဆရာတော်ဘုရားကြီး၏ စျာပနအခမ်းအနား ယနေ့ကျင်းပမည်

0
67

ပြီးခဲ့သည့် ရက်ပိုင်းက မန္တလေးတိုင်းအတွင်း၌ ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှု ဖြစ်စဉ်အတွင်း ဘဝနတ္ထံပျံလွန်တော်မူခဲ့ရသည့် ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံ ဆရာတော်ဘုရားကြီး၏ စျာပန အခမ်းအနားကို ယနေ့ ဇွန် (၂၇)ရက်တွင် အစီအစဉ် (၅) ရပ်ဖြင့် ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။

ပထမပိုင်းအစီအစဉ်အဖြစ် စျာပနရေစက်ချခြင်း၊ ဒုတိယပိုင်း အစီအစဉ်အဖြစ် ပူဇော်ခြင်း၊ တတိယပိုင်း အစီအစဉ်အဖြစ် ဆရာတော်၏ ဥတုဇရုပ်ကလပ်တော်မြတ်အား တပည့်ကြီး၊ တပည့်ငယ်တို့မှ ဦးဆောင်၍ ကရဝိတ်ဖောင်ပေါ်တင်ခြင်း၊ စတုတ္ထပိုင်း အစီအစဉ်အဖြစ် ဆရာတော်၏ ဥတုဇ ရုပ်ကလပ်တော်မြတ်အား လောင်တိုက်တော်သို့ ပင့်ဆောင်ခြင်းတို့ဖြစ်ကြောင်း သိရသည်။

အစီအစဉ်အရ နံနက် (၇)နာရီမှ (၁၁) နာရီအထိ ကြွရောက်ဖူးမြှော်ကြသူများကို ဧည့်ခံကျွေးမွေးခြင်း၊ နံနက် (၁၀)နာရီခွဲတွင် သံဃာတော်အရှင်သူမြတ်တို့ကို နေ့ဆွမ်းဆပ်ကပ်ခြင်းတို့ကို ပြုလုပ်ကာ နေ့လယ် (၁၂) နာရီတွင် ဆင်ဖြူကွင်းသုဿာန်ရှိ လောင်တိုက်တော်သို့ ပင့်ဆောင်ကာ မီးပူဇော်မည်ဖြစ်ပြီး ကျွင်းကျန်ရစ်သော အရိုးပြာကို စစ်တောင်းမြစ်အတွင်းသို့ ရေမျှောပူဇော်မည် ဖြစ်သည်။

ဆရာတော်ကြီးသည် ပျံလွန်တော်မူချိန်၌ သက်တော် (၇၈) နှစ်၊ သိက္ခာတော် (၅၈) ဝါရှိပြီဖြစ်သည်။

ဓာတ်ပုံ – ဝင်းနိမ္မတာရုံကျောင်း၊ကိုလေးဖြူ


LEAVE A REPLY

Please enter your comment!
Please enter your name here