အစ္စရေး-လက်ဘနွန် တင်းမာမှု ကြီးထွားလာစဉ် လက်ဘနွန်နဲ့ တသားတည်း ရပ်တည်ကြောင်း တုကီယေးသမ္မတ ထုတ်ပြော

0
107

တုကီယေး သမ္မတ တေယစ် အာဒိုဂန်က အစ္စရေးနဲ့ လက်ဘနွန်အကြား တင်းမာမှုတွေ ကြီးထွားလာစဉ် တူရကီနိုင်ငံဟာ လက်ဘနွန်နဲ့ တသားတည်းရပ်တည်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပြီး ဒေသတွင်းနိုင်ငံတွေအနေနဲ့လည်း ဘေရွတ်ကို ထောက်ခံကြဖို့ ဗုဒ္ဓဟူးနေ့(ဇွန် ၂၆)က တောင်းဆိုသွားခဲ့ပါတယ်။

အစ္စရေးနဲ့ လက်ဘနွန်အခြေစိုက် ဟစ်ဇ်ဘိုလာအဖွဲ့တို့အကြား နယ်စပ်ဖြတ်ကျော် ပစ်ခတ်နေမှုတွေဟာ မကြာသေးမီကပိုမိုပြင်းထန်လာခဲ့တာကြောင့် အစ္စရေး-လက်ဘနွန် စစ်ပွဲပေါ်ပေါက်လာမယ့်အရေး စိုးရိမ်မှုတွေ မြင့်တက်လာခဲ့ပါတယ်။

အစ္စရေးမြောက်ပိုင်း နယ်စပ်တလျှောက် အပြန်အလှန် လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် နယ်စပ်နှစ်ဖက်စလုံးရှိ ဒေသခံ ထောင်ပေါင်းများစွာကို နေရပ်ရွှေ့ပြောင်းမှုတွေ လုပ်ခဲ့ရပါတယ်။

လွှတ်တော်မှာ ၎င်းရဲ့ AK ပါတီ ဥပဒေပြုအမတ်တွေကို မိန့်ခွန်းပြောဆိုခဲ့မှုအတွင်း အာဒိုဂန်က အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုဟာ ဂါဇာစစ်ပွဲကို ဒေသတွင်းသို့ ကူးစက်စေဖို့ ကြံစည်ထားတယ်လို့ ဆိုခဲ့ပါတယ်။

ဂါဇာကို မီးလောင်တိုက်သွင်း ဖျက်ဆီးအပြီး အစ္စရေးက လက်ဘနွန်ကို မျက်နှာမူလာကြောင်းနဲ့ အနောက်နိုင်ငံတွေက အစ္စရေးကို နောက်ကွယ်ကနေ ပံ့ပိုးပေးနေကြောင်း အာဒိုဂန်က ပြောဆိုပါတယ်။ ဒေသတွင်း စစ်ပွဲတွေ ပျံ့နှံ့စေမယ့် နေတန်ယာဟုရဲ့ အစီအစဉ်က ကြီးမားတဲ့ ကပ်ဆိုးတစ်ခုကိုဦးတည်သွားစေမှာဖြစ်ပြီး အနောက်နိုင်ငံတွေရဲ့ အစ္စရေးကို ပံ့ပိုးပေးနေတဲ့အဖြစ်က သနားစရာကောင်းကြောင်းလည်း သူက ဆိုခဲ့ပါတယ်။

ဒါ့အပြင် တုကီယေးဟာ လက်ဘနွန် ညီအစ်ကိုတော် ပြည်သူတွေ၊ လက်ဘနွန်နိုင်ငံတို့ဘက်က ရပ်တည်ကြောင်းနဲ့ ဒေသတွင်းက အခြားနိုင်ငံတွေအနေနဲ့လည်း လက်ဘနွန်နဲ့အတူ တသားတည်း ရပ်တည်ကြဖို့ မိမိ တောင်းဆိုကြောင်း အာဒိုဂန်က ပြောဆိုခဲ့ပါတယ်။

အစ္စရေးနဲ့ ဟစ်ဇ်ဘိုလားအကြား တင်းမာမှုတွေနဲ့ပတ်သက်ပြီး ဒီသီတင်းပတ်အစောပိုင်းမှာ တုကီယေး နိုင်ငံခြားရေးဝန်ကြီးက မှတ်ချက်ပေးရာမှာ တူရကီအစိုးရအနေနဲ့ ပဋိပက္ခကျယ်ပြန့်လာမယ့်အခြေအနေကို တွေ့မြင်နေရတယ်လို့ ဆိုခဲ့ပါတယ်။

Ref: Aol


LEAVE A REPLY

Please enter your comment!
Please enter your name here