Myanmar National League 2024-25 ပြိုင်ပွဲဝင်အသင်း အချင်းချင်း ခြေစမ်းပွဲစဉ်များ ကစားကာ လေ့ကျင့်ပြင်ဆင်

0
44

Myanmar National League 2024-25 အမှတ်ပေး ဘောလုံးပြိုင်ပွဲအတွက် ပြိုင်ပွဲဝင်အသင်း အချင်းချင်း ခြေစမ်းပွဲစဉ်များ ကစားကာ လေ့ကျင့်ပြင်ဆင်လျှက်ရှိကြောင်း သိရသည်။

အဆိုပါ ခြေစမ်းပွဲစဉ်အချို့ကို ယမန်နေ့ ဇွန်(၂၆) ရက် နံနက်ပိုင်းအချိန်က ဒဂုံစတားယူနိုက်တက်အသင်း လေ့ကျင့်ရေးကွင်းတွင် ဒဂုံစတားယူနိုက်တက်အသင်းနှင့် ရတနာပုံအသင်းတို့ ခြေစမ်းကစားခဲ့ကြရာ ရတနာပုံအသင်းက သုံးဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။

ရတနာပုံအသင်းအတွက် အနိုင်ဂိုးများကို တည်ငြိမ်မင်းက (၂)ဂိုးနှင့် နေဦးလွင်က (၁)ဂိုး အသီးသီး သွင်းယူပေးခဲ့ကြပြီး နှစ်သင်းစလုံးမှ ကစားသမားများကို အပြောင်းအလဲများ ပြုလုပ်ကစားခဲ့ကြကြောင်း သိရသည်။

ဒဂုံစတားယူနိုက်တက်အသင်းတွင် ဟံသာဝတီယူနိုက်တက်အသင်းတိုက်စစ်မှူးဟောင်း ဇင်မင်းထွန်း၊ ဒဂုံပေါ့စ်နောက်ခံလူဟောင်း ငြိမ်းချမ်း၊ ဆောင်လမန်၊ ငြိမ်းချမ်းအောင်တို့ ဝင်ရောက်ကစားခဲ့ကြပြီး ရတနာပုံအသင်းမှလည်း ဒဂုံပေါ့စ်ကသားသမားဟောင်းများဖြစ်ကြသည့် တည်ငြိမ်းမင်း၊ အောင်ကျော်သူ၊ မဟာယူနိုက်တက်အသင်း ကစားသမားဟောင်း ထက်လင်းလင်း၊ ယူ-၁၉ အသင်းမှ အံ့ကောင်းမွန်တို့အပြင် မြန်မာနေရှင်နယ်လိဂ် ဝါရင့်ကစားသမားဟောင်း ပြည်မိုးလည်း ဝင်ရောက်ကစားခဲ့သည်။

အလားတူ ညနေပိုင်းအချိန်တွင်လည်း ဟံသာဝတီယူနိုက်တက်အသင်း လေ့ကျင့်ရေးကွင်းတွင် ဟံသာဝတီယူနိုက်တက်အသင်းနှင့် သစ္စာအားမာန်အသင်းတို့ ခြေစမ်းကစားခဲ့ရာ သစ္စာအားမာန်အသင်းက နှစ်ဂိုး တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။

သစ္စာအားမာန်အသင်းအတွက် အနိုင်ဂိုးများကို ပွဲချိန် (၃၂) မိနစ်တွင် ပြည့်စုံအောင်၊ (၇၄) မိနစ်တွင် စောမျိုးဇော်တို့က သွင်းယူပေးခဲ့ပြီး ဟံသာဝတီယူနိုက်တက်အသင်းအတွက် ချေပဂိုးကို ပွဲချိန် (၅၄) မိနစ်တွင် စိုးကျော်ကျော်က သွင်းယူပေးခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here