ကန်သံတမန်နှင့် မြန်မာရေတပ်အရာရှိ ဗီယက်နမ်၌တွေ့ဆုံခဲ့ဟုဆို

0
144

ဟိုချီမင်း၊ဇွန် ၂၆

အမေရိကန်အကြီးတန်းအရာရှိတစ်ဦးသည် ပြီးခဲ့သည့်ရက်သတ္တပတ်က ဗီယက်နမ်၌ မြန်မာစစ်တပ်၏အဆင့်မြင့်အရာရှိတစ်ဦးနှင့်တွေ့ဆုံခဲ့ကြောင်းသိရှိရသည်။ အဆိုပါတွေ့ဆုံမှုသည် မြန်မာ့ပဋိပက္ခကို ဝါရှင်တန်၏ချဉ်းကပ်ပုံ အပြောင်းအလဲလည်းဖြစ်နိုင်သည်ဟုဖော်ပြထားသည်။

အရှေ့အာရှနှင့်ပစိဖိတ်ရေးရာ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဒယ်နီယယ်ခရစ်တန်ဘရင့်ခ်သည် မြန်မာရေတပ်မှ ဒုတိယ ဗိုလ်မှူးကြီး ကျော်လင်းဇော်နှင့် ဇွန်လ ၂၁ ရက်မှ ၂၂ ရက်အတွင်း တွေ့ဆုံခဲ့ကြောင်း ဆွေးနွေးပွဲနှင့်နီးစပ်သည့်အသိုင်းအဝိုင်းမှသိရသည်။

မစ္စတာခရစ်တန်သည် ရုရှားသမ္မတပူတင်က ဗီယက်နမ်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ် သွားေရာက်ခဲ့ပြီးနောက် ဗီယက်နမ်သို့ တရားဝင် ခရီး ကို စတင်ခဲ့ခြင်းဖြစ်ပြီး ၎င်းနှင့်အတူ အမေရိကန်နိုင်ငံတော်လုံခြုံရေးကောင်စီ၏ အရှေ့တောင်အာရှဆိုင်ရာဒါရိုက်တာ ပီတာလိုမန်နှင့် မြန်မာနိုင်ငံဆိုင်ရာအမေရိကန်သံရုံးတာဝန်ခံ ဆူဆန်စတီဗင်ဆန်တို့ ပါဝင်သွားကြောင်းသိရသည်။

၎င်းတို့နှစ်ဦး၏တွေ့ဆုံမှုနှင့်ပတ်သက်၍ ဟနွိုင်းမြို့ရှိအမေရိကန်သံရုံးက မီဒီယာများ၏မေးမြန်းမှုများကို ပြန်လည်ဖြေကြားခြင်းမရှိသေးသော်လည်း မြန်မာစစ်အစိုးရ လမ်းကြောင်းပြောင်းရေးကို ဖိအားပေးရန်အတွက် ဝါရှင်တန်အနေဖြင့် သံတမန်နည်းလမ်းအားလုံးကို ဆက်လက်အသုံးပြုနေသည်ဟု အမေရိကန်နိုင်ငံခြားရေးဌာနပြောရေးဆိုခွင့်ရှိသူကို ကိုးကားလျက် ဧရာဝတီသတင်းဌာနကဖော်ပြထားသည်။

အဆိုပါပြောရေးဆိုခွင့်ရှိသူကမူ ၎င်းအနေဖြင့် ဦးကျော်လင်းဇော်နှင့်မစ္စတာ ခရစ်တန်တို့အကြားတွေ့ဆုံခဲ့မှုရှိမရှိ အတည်မပြုခဲ့သော်လည်း အမေရိကအနေဖြင့်မူ မြန်မာစစ်တပ်အား ဒီမိုကရေစီလမ်းကြောင်းသို့ပြန်သွားရေးတို့ကို စဉ်ဆက်မပြတ် တွန်းအားပေးနေမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။

သည်ဒီပလိုမက် သတင်းဌာနနှင့်တွေ့ဆုံခဲ့သည့် သတင်းရင်းမြစ်၏ပြောကြားချက်အရ မစ္စတာ ခရစ်တန်နှင့် ဦးကျော်လင်းဇော်တို့၏တွေ့ဆုံမှုသည် အောင်မြင်သည်ဟုမဆိုသာသော်လည်း နှစ်ဖက်ဆက်ဆံရေးတိုးတက်ရန်ရည်ရွယ်ခဲ့ကြပြီး မကြာခင်ထပ်မံတွေ့ဆုံနိုင်ကြောင်းလည်းပြောကြားခဲ့သည်။

အမေရိကအနေဖြင့် ပဋိပက္ခကိုတည်ငြိမ်စေရန်၊နိုင်ငံတွင်းအကြမ်းဖက်မှုများကိုအဆုံးသတ်ရန်အပြင် မြန်မာစစ်တပ်နှင့်တွေ့ဆုံဆွေးနွေးရန်လမ်းကြောင်းများကို ဖွင့်လှစ်ရန်ကြိုးပမ်းနေသော်လည်း အမေရိက၏တောင်းဆိုမှုများနှင့် မြန်မာစစ်တပ်အတွင်း သဘောထားကွဲလွဲမှုများ ရှိနေဆဲဖြစ်ကာ တစ်စိတ်တစ်ပိုင်းသာလက်ခံခဲ့သဖြင့် ထင်သလောက်မအောင်မြင်ခဲ့ခြင်းလည်းဖြစ်သည်ဟုဆိုခဲ့သည်။

မြန်မာ့အရေးနှင့်ပတ်သက်၍ အမေရိကန်၏မူဝါဒမပြောင်းလဲဟု ပြောရေးဆိုခွင့်ရှိသူက ဧရာဝတီသတင်းဌာနသို့ပြောကြားခဲ့သော်လည်း မျက်နှာချင်းဆိုင်တွေ့ဆုံဆွေးနွေးမှု၌မူ အမေရိကသည် မြန်မာ့အရေးနှင့်ပတ်သက်၍ ၎င်း၏ချဉ်းကပ်ပုံအား ချိန်ညှိယူနေပုံရသည်ဟုလည်းသိရသည်။

လက်ရှိအချိန်အထိ အမေရိကသည် ၎င်း၏သတ်မှတ်ချက်များအား ဆန့်ကျင်သူများနှင့် တရားဝင်ထိတွေ့ဆက်ဆံမှုများကိုရပ်နားထားခြင်းအပါအဝင် စီးပွားရေးပိတ်ဆို့မှုများကိုဆက်လက်ပြုလုပ်နေဆဲဖြစ်ပြီး စစ်အစိုးရသာမက ၎င်း၏သတ်မှတ်ချက်များနှင့်ဆန့်ကျင်လျှင် အမျိုးသားညီညွတ်ရေးအစိုးရကိုလည်း ထိုသဘောထားပင်ဖြစ်သည်ဟုဆိုသည်။

တစ်ချိန်တည်းမှာပင် သံတမန်ရေးရာမျက်နှာစာ၌ အမေရိကသည် ၂၀၂၁ ခုနှစ် ဧပြီလကပြုလုပ်ခဲ့သော အာဆီယံအထူးအစည်းအဝေး၌ချမှတ်ခဲ့သည့် ဘုံသဘောတူညီချက် ၅ ရပ် ကို ရွှေ့ဆိုင်းထားပြီး အဆိုပါအစီအစဉ်သည်လည်း ပဋိပက္ခကို ထိထိရောက်ရောက်ဖြေရှင်းနိုင်ခြင်းမရှိခဲ့ပေ။

ယခုထက်ပို၍ စိတ်ဝင်စားစရာကောင်းသည်မှာ မစ္စတာခရစ်တန်နှင့်ဦးကျော်လင်းဇော်တို့၏တွေ့ဆုံမှုသည် ဒေသတွင်းနိုင်ငံများအကြား လျှိုု့ဝှက်ထားသည့်ကိစ္စမျိုးမဟုတ်သဖြင့် ဗီယက်နမ်၊အင်ဒိုနီးရှား၊စင်္ကာပူ၊ထိုင်းစသည့်နိုင်ငံများအပါအဝင် ဒေသတွင်းနိုင်ငံများ၏သဘောတူညီချက်ဖြင့် ကျင်းပသည့်တွေ့ဆုံမှုမျိုးဖြစ်ကြောင်း သတင်းရင်းမြစ်ကပြောကြားခဲ့ပြီး ယခုကိစ္စကို ကြည့်ခြင်းအားဖြင့် အာဆီယံနိုင်ငံများအနေဖြင့် ၎င်းတို့၏ဘုံသဘောတူညီချက်ငါးရပ်တွင် အမေရိက၏ အားဖြည့်ပါဝင်မှုကို ကြိုဆိုလက်ခံမှုကို ပြသနေကြောင်းလည်းဆိုသည်။ အဆိုပါနိုင်ငံများသာမက ယခုတွေ့ဆုံမှုကို တရုတ်နိုင်ငံကပါလက်ခံခဲ့ခြင်းဖြစ်ကြောင်းလည်းမြန်မာသတင်းထောက်တစ်ဦးကပြောကြားခဲ့သည်။

Source : သည်ဒီပလိုမက်


LEAVE A REPLY

Please enter your comment!
Please enter your name here