မေလအတွင်း လပွတ္တာမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ နေလှန်းဆား ပိဿာချိန် ၉၅၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရ

0
70

ဧရာဝတီတိုင်း ဒေသကြီး၊ လပွတ္တာမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ မေလအတွင်း နေလှန်းဆားပိဿာချိန် ၉၅၀၀၀ ထိတင်ပို့ရောင်းချနိုင်ခဲ့ကြောင်း လပွတ္တာမြို့နယ် ဆားထုတ်လုပ်ရောင်းဝယ်ရေးပွဲရုံပိုင်ရှင်များ၏ ပြောပြချက်အရ သိရသည်။ ‌

ပြီးခဲ့သည့် ဧပြီလတွင် လပွတ္တာမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဒေသထွက်နေလှန်းဆားပိဿာချိန် ၇၄၀၀၀ ထိသာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး မေလ (၁) ရက်မှ (၃၁) ရက်ထိ တစ်လအ တွင်း နေလှန်းဆားပိဿာချိန် ၉၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။

“လပွတ္တာမြို့နယ်ကနေ ဒေသထွက် နေလှန်းဆားတွေကို ရန်ကုန်ဈေးကွက်ကိုပဲ အဓိကတင်ပို့ရောင်းချပါတယ်။ ရန်ကုန်ဈေးကွက်ကို တင်ပို့ရောင်းချတဲ့နေရာမှာလည်း ပိဿာချိန် တော်တော်များများ တင်ပို့ရောင်းချနေရပါတယ်။ အခုလို ဆားအရောင်းအဝယ်ကောင်းလာတော့ ဆားထုတ်လုပ်တဲ့လုပ်ငန်းနဲ့ ဆက်စပ်သူတွေ အလုပ်အကိုင်အခွင့်အလမ်းရရှိပြီး အဆင်ပြေလာပါတယ်” ဟု လပွတ္တာမြို့နယ်မှ ဆားထုတ်လုပ်ရောင်းဝယ်ရေးပွဲရုံပိုင်ရှင်တစ်ဦးကပြောသည်။

လပွတ္တာမြို့နယ်တွင် ဒေသထွက်နေလှန်းဆားများကို ဆားလုပ်ငန်းရှင်များက စနစ်တကျထုတ်လုပ်ပြီး ရန်ကုန်ဈေး ကွက်သို့ အဓိကထားတင်ပို့ရောင်းချလျက်ရှိပြီး အဆိုပါ နေလှန်းဆား ၁၀ ပိဿာလျှင် ငွေကျပ် ၄၅၅၀၀ ထိ ပေါက်ဈေးရှိကြောင်း သိရသည်။

အဆိုပါ ဒေသထွက် နေလှန်းဆားများကို ငါးပိ၊ ငါးခြောက်၊ ငံပြာရည်စသည့် လုပ်ငန်းများတွင် အဓိကအသုံးပြုကြောင်းသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here