ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ (World Tourism Day) အထိမ်းအမှတ် “Myanmar Be Enchanted (စွဲမက်ဖွယ်ရာပြည်မြန်မာ)” Short Video ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နိုင်ကြောင်း ဖိတ်ခေါ်ထား

0
103

ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ (World Tourism Day) အထိမ်းအမှတ် “Myanmar Be Enchanted (စွဲမက်ဖွယ်ရာပြည်မြန်မာ)” Short Video ပြိုင်ပွဲကျင်းပသွားမည်ဖြစ်သည့်အတွက် စိတ်ပါဝင်စားသူမြန်မာနိုင်ငံသားအားလုံး ဝင်ရောက်ယှဉ်ပြိုင်နိုင်ပြီး ပထမဆုရရှိသူအား ငွေကျပ် (၁၅) သိန်း ဆုချီးမြှင့်မည်ဖြစ်ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ အသိပေးကြေညာထားချက်အရ သိရသည်။

၂၀၂၄ ခုနှစ်၊ ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အထိမ်းအမှတ်အခမ်းအနားအတွက် Short Video ပြိုင်ပွဲကို ကျင်းပပြုလုပ်မည်ဖြစ်ပြီး ထူးချွန်ထက်မြက်သော Video ပညာရှင်များပေါ် ထွန်းလာရေး၊ ဆုရရှိသော Video များ ပြသခြင်းဖြင့် တိုင်းဒေသကြီး/ပြည်နယ်များရှိ ခရီးစဉ်ဒေသ၊ ခရီးသွားဆွဲဆောင်မှုများ၊ ရိုးရာယဉ်ကျေးမှု ဓလေ့စရိုက်များ၊ ပွဲတော်များနှင့် မြန်မာ့ရိုးရာအစားအစာများကို ဖော်ထုတ်မြှင့်တင်ရန် ရည်ရွ ယ်၍ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ဦးဆောင်မှုဖြင့် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ပြိုင်ပွဲဝင်ခွင့်လက်ခံမည့်ကာလသည် ဇွန်လ (၂၆) ရက်မှ ဩဂုတ်လ (၁၆) ရက်အထိဖြစ်ပြီး စိစစ်ရွေးချယ်မည့်ကာလအဖြစ် ဩဂုတ်လ (၂၂) ရက်မှ (၂၇)ရက်အထိဖြစ်ကာ ဆုရရှိသူများအား စက်တင်ဘာလ (၆) ရက်တွင် ထုတ်ပြန်ကြေညာပေးသွားမည်ဖြစ်သည်။

ဆုချီးမြှင့်ရာတွင် ပထမဆုအတွက် ကျပ် (၁၅) သိန်း၊ ဒုတိယဆုအတွက် ကျပ် (၁၂) သိန်း၊ တတိယဆုအတွက် ကျပ် (၁၀) သိန်းနှင့် နှစ်သိမ့်ဆု (၅) ဆုအတွက် တစ်ဆုလျှင် ကျပ် (၃) သိန်းစီ ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

ပြိုင်ပွဲဝင်ခွင့်ပုံစံနှင့် စည်းကမ်းချက်များကို ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ Website ဖြစ်သော https://to urism.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ပြီး ပြိုင်ပွဲဝင်ခွင့်ပုံစံများကို ဖော်ပြပါ QR Code ကို Scan ဖတ်၍လည်းကောင်း၊ https://mohtard.by.video တွင် လည်းကောင်း Download ရယူနိုင်ကြောင်း အသိပေးထားသည်။

အသေးစိတ်အချက်အလက်များကို သိရှိလိုပါက ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ခရီးသွားမြှင့်တင်ရေးဌာနခွဲ၊ ဒုတိယညွှန်ကြားရေးမှူး ဖုန်း၊ ၀၉-၄၂၀၇၂၃၇၅၁၊ ၀၆၇ -၄၀၆၄၇၆ သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ကြောင်း ဖော်ပြထားသည်။

ပြိုင်ပွဲတွင် ဆုရရှိသူများကို ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ Website ဖြစ်သော https://tourism.gov.m m တွင် ကြေညာပေးသွားမည်ဖြစ်ပြီး ပထမ၊ ဒုတိယနှင့် တတိယရရှိသူများအား ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၂၇) ရက်တွင် ကျင်းပမည့် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့အခမ်းအနား၌ ဆုများကို ချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

ဝင်ရောက်ယှဉ်ပြိုင်သူများအနေဖြင့် ယှဉ်ပြိုင်မှုခေါင်းစဉ်နှင့် ရိုက်ကူးချက်များကို မြန်မာဘာသာ (သို့) အင်္ဂလိပ်ဘာသာဖြင့် ဖော်ပြရမည်ဖြစ်ပြီး ပါဝင်သူများအားလုံးသည် အသက် (၁၈) နှစ်အထက် ဝါသနာရှင်များသာ ပါဝင်ယှဉ်ပြိုင်နိုင်မည်ဖြစ်ကာ ပြိုင်ပွဲဝင်တစ်ဦး/တစ်ဖွဲ့လျှင် Video တစ်ပုဒ်သာ ပါဝင်ယှဉ်ပြိုင်ခွင့်ရှိမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ပြိုင်ပွဲဝင်သူများသည် Video တွင် အသုံးပြုထားသည့် မည်သည့်အကြောင်းအရာ (ဂီတ၊ ရုပ်ပုံ၊ Video များအပါအဝင်) အတွက် လိုအပ်သော အချက်အလက်များနှင့် ခွင့်ပြုချက်များကို ကိုင်ဆောင်ထားရမည်ဖြစ်ပြီး Video သည် မူပိုင်ခွင့်ချိုးဖောက်မှု ကင်းစင်ရမည်ဖြစ်ကာ မူပိုင်ခွင့်ဥပဒေများကို ချိုးဖောက်သော အကြောင်းအရာများ တွေ့ရှိရပါက ဖယ်ရှားပစ်မည်ဖြစ်ကြောင်း သိရသည်။

ယင်းကြောင့် ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်လိုသူများ အနေဖြင့် ရိုက်ကူးတည်းဖြတ်ထားမှုကို နေပြည်တော်ရှိ ရုံးအမှတ် (၃၃)၊ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ခရီးသွားမြှင့်တင်ရေးဌာနခွဲသို့ ပေးပို့ရမည်ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here