ဗဟိုဘဏ်အပါအဝင် ပြည်တွင်းဘဏ်များနှင့် ပတ်သက်သည့် ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ အစီရင်ခံစာအပေါ် ပြင်းထန်စွာကန့်ကွက်ကြောင်း ဗဟိုဘဏ် ထုတ်ပြန်အသိပေး

0
164

ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ဇွန်လ (၂၆) ရက်တွင် ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတွင် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးချိုးဖောက်မှုများ၌ အပြည်ပြည်ဆိုင်ရာ ဘဏ်များ၊ ပြည်တွင်း နိုင်ငံပိုင်ဘဏ်နှင့် ပုဂ္ဂလိကဘဏ်အချို့မှ ပါဝင်ဆောင်ရွက်လျက်ရှိကြောင်းနှင့် အရေးယူပေးရန်တောင်းဆိုမှုများနှင့် ပတ်သက်၍ ပြင်းထန်စွာကန်ကွက်ကြောင်း ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။

ယင်းကဲ့သို့ အရေးယူပေးရန် တောင်းဆိုမှုများနှင့် ရေးသားဖော်ပြချက်များမှာ မြန်မာပြည်သူများ၏ အကျိုးစီးပွားကို ထိခိုက်စေသည့်အပြင် မြန်မာနိုင်ငံနှင့် ပြည်ပနိုင်ငံများ အကြား ဆက်ဆံရေးကိုလည်း ထိခိုက်စေသဖြင့် အဆိုပါရေးသားချက်များအပေါ် ပြင်းထန်စွာကန့်ကွက်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်နှင့်အတူ မြန်မာနိုင်ငံဘဏ်များအသင်း၊ နိုင်ငံပိုင်ဘဏ်များ၊ ပုဂ္ဂလိကပိုင်ဘဏ်များက အသိပေးထုတ်ပြန်ထားသည်။

နိုင်ငံပိုင်ဘဏ်များအပါအဝင် ပြည်တွင်းဘဏ်များအားလုံးအနေဖြင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ချမှတ်ထားသည့် ဘဏ်နှင့်ဆက်သွယ်ဆောင်ရွက်သူများ၏ အချက်အလက်များအား သေချာစွာ စိစစ်ရယူဆောင်ရွက်ခြင်းဆိုင်ရာ Due Diligence Procedure များကို တိကျစွာလိုက်နာဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့ပြင် နိုင်ငံပိုင်ဘဏ်များ အပါအဝင် ပြည်တွင်းဘဏ်များအားလုံး၏ အပြည်ပြည်ဆိုင်ရာအဆက်အသွယ်ဘဏ်များအနေဖြင့်လည်း မြန်မာနိုင်ငံ၏ ပြည်တွင်းပြည်ပငွေကြေးလွှဲပြောင်းမှုများကို ဆောင်ရွက်ပေးရာတွင် လိုအပ်သည့်အထောက်အထားများအားရယူ၍ အလေးထားစိစစ်ခြင်းကို တိုးမြှင့်ဆောင်ရွက်ခြင်းအား ကောင်းစွာဆောင်ရွက်လျက်ရှိသည်။

ငွေကြေးဆိုင်ရာအရေးယူဆောင်ရွက်ရေးအဖွဲ့(FATF) ၏ စံသတ်မှတ်ချက်များနှင့်အညီ မြန်မာနိုင်ငံ၏ အကောင်အထည်ဖော်ဆောင်ရွက်မှုဆိုင်ရာ တိုးတက်မှုအစီရင်ခံစာများကို အာရှ-ပစိဖိတ်ပူးတွဲအဖွဲ့ (APJG) သို့ တင်ပြချက်များနှင့်မျက်နှာချင်းဆိုင် အစည်းအဝေးတွင် ဆွေးနွေးပြောဆိုချက်များအရ FATF နှင့် APJG တို့က အသိအမှတ်ပြုပြီး နှစ်စဉ်စံနှုန်းသတ်မှတ်ချက်အဆင့်များ တိုးမြှင့်ပေးခဲ့ခြင်းတို့ကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဇွန်လ (၉) ရက်တွင် သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

ထို့ပြင် မြန်မာနိုင်ငံ၏ ပြည်တွင်းပြည်ပငွေကြေးလွှဲပြောင်းမှုများမှာလည်း မြန်မာနိုင်ငံသားများအတွက် အဓိကမရှိမဖြစ်လိုအပ်သော အခြေခံကုန်စည်များဖြစ်သည့် ဆေးနှင့်ဆေးအထောက်အကူပြုပစ္စည်းများ ၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းသုံးပစ္စည်းများ ၊ ဓာတ်မြေဩဇာ၊ စက်သုံးဆီ၊ စားသုံးဆီများ တင်သွင်းမှုများအတွက် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ပါရှိသည်။

ဘဏ်များအနေဖြင့် ယင်းကုန်စည်များတင်သွင်းခြင်းအတွက် ငွေပေးချေမှုများပြုလုပ်ရာတွင် ကုန်သွယ်မှုဆိုင်ရာ သက်သေခံ စာရွက်စာတမ်းအထောက်အထားများရယူ၍ စိစစ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သို့ဖြစ်၍ ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ အစီရင်ခံစာပါ မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးချိုးဖောက်မှုများ၌ အပြည်ပြည်ဆိုင်ရာဘဏ်များ၊ ပြည်တွင်းနိုင်ငံပိုင်ဘဏ်နှင့် ပုဂ္ဂလိကဘဏ်အချို့မှ ပါဝင်ဆောင်ရွက်လျက်ရှိကြောင်းနှင့် အရေးယူပေးရန်တောင်းဆိုမှုများ ရေးသားဖော်ပြချက်များမှာ မြန်မာပြည်သူများ၏ အကျိုးစီးပွားကို ထိခိုက်စေသည့်အပြင် မြန်မာနိုင်ငံနှင့် ပြည်ပနိုင်ငံများအကြား ဆက်ဆံရေးကိုလည်း ထိခိုက်စေသဖြင့် အဆိုပါ ရေးသားချက်များအပေါ် ပြင်းထန်စွာကန့်ကွက်ပါကြောင်း အသိပေးထုတ်ပြန်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here