ဘားအံမြို့နယ်ရှိ နေအိမ် (၄) အိမ်ကို မူးယစ်ဆေးဝါး သတင်းအရ ဝင်ရောက် ရှာဖွေရာ ငွေကျပ် ၂.၃၄ ဘီလီယံကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

0
79

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်ကျေးရွာ (၂)ရွာရှိ နေအိမ် (၄) အိမ်ကို မူးယစ်ဆေးဝါး သတင်းအရ ဝင်ရောက် ရှာဖွေရာ ငွေကျပ် ၂.၃၄ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့ ထုတ်ပြန်ချက်အရ သိရသည်။

ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ ဇွန်(၂၆)ရက် နေ့လယ် (၁၂)နာရီခွဲအချိန်က ဘားအံမြို့နယ်၊ လှာကာကျေးရွာနေ သန်းဦး(ခ)ကျော်ပိုင်၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၅၅ ပြား ဒေသကာလပေါက်ဈေး တန်ဖိုးငွေကျပ် ၁.၆၅ သိန်း အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ကွင်းဆက်ဖော်ထုတ်ချက်အရ ယင်းနေ့ နေ့လယ် (၁)နာရီခွဲအချိန် စောမြင့်အေး(ခ)ယောက်ချို အား ၎င်းနေထိုင်သည့် လှာကာကျေးရွာရှိ နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေး ပြား ၃၁၉၄ ပြား ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၉၅.၈၂ သိန်း အား ဆက်လက် သိမ်းဆည်းရမိခဲ့သည်။

ထို့ပြင် နေ့လယ် (၂)နာရီခွဲအချိန် နန်းမြင့်မြင့်ခင် အား ၎င်းနေထိုင်သည့် လှာကာကျေးရွာရှိ နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀၀၀၀ ပြား ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၃၀၀၀ နှင့် လက်ကိုင်ဖုန်းတစ်လုံးတို့အား သိမ်းဆည်းရမိခဲ့သည်။

ထို့နောက် ညနေ (၆)နာရီ အချိန် ကော့ထမ္မလိန်းကျေးရွာနေ မနန်းဝင်းခင် ၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ ၎င်းအား မတွေ့ရှိဘဲ နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၆၈၀၀၀၀ ပြား ဒေသကာလပေါက်ဈေး တန်ဖိုးငွေကျပ်သိန်း ၂၀၄၀၀ အား ထပ်မံတွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သတင်းထုတ်ပြန်သည်။

ထို့ကြောင့် သန်းဦး(ခ)ကျော်ပိုင် (၄၅)နှစ်၊ စောမြင့်အေး (ခ) ယောက်ချို (၅၂)နှစ်၊ မနန်းမြင့်မြင့်ခင်(၅၄)နှစ် နှင့် မနန်းဝင်းခင် တို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာ ဥပဒေအရ အမှုဖွင့် အရေးယူထားပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့ ထုတ်ပြန်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here