ရန်ကုန် – ဒလ တံတားကို လာမည့်နှစ်မကုန်မီ အပြီးတည်ဆောက်မည်

0
61

မြန်မာ – ကိုရီးယား ချစ်ကြည်ရေး ဒလတံတားတည်ဆောက်မှုစီမံကိန်းကို လာမည့်၂၀၂၅ ခုနှစ် မကုန်မီအပြီး တည်ဆောက်မည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ပြောပြချက်အရ သိရသည်။

အဆိုပါ တံတားတည်ဆောက်မှုကို ၂၀၂၄ ခုနှစ်တွင် အပြီးတည်ဆောက်ရန် သတ်မှတ်ထားသော်လည်း ကိုဗစ်ကပ်ရောဂါအပါအဝင် အကြောင်းအမျိုးမျိုးကြောင့် စီမံကိန်းနောက်ကျနေရခြင်းဖြစ်ပြီး လက်ရှိတွင် တံတားတည်ဆောက်မှုသည် ၇၀ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

ယင်းတံတားစီမံကိန်းကို အမေရိကန်ဒေါ်လာ ၁၅၇ ဒသမ ၈၃၃ သန်း အကုန်ကျခံကာ ကိုရီးယားနိုင်ငံမှ EDCS ချေးငွေ အတိုးနှုန်း ဝ ဒသမ ဝ၁ ရာခိုင်နှုန်း ဖြင့် ရယူ၍ နှစ် ၄ဝ ချေးငွေဖြင့် တည်ဆောက်နေခြင်းဖြစ်ပြီး အဓိက ကန်ထရိုက်တာအဖြစ် ကိုရီးယားနိုင်ငံ၏ GS Engineering Group မှ တာဝန်ယူတည်ဆောက်ခြင်းဖြစ်ကြောင်း တံတားဦးစီး ဌာနမှ သိရသည်။

တံတား၏ ရေလယ်ပိုင်း တာဝါတိုင်နှစ်တိုင်၏ အကွာအဝေးသည် မီတာ ၃၇ဝ ခန်းဖွင့်အကျယ်ရှိပြီး တံတား၏ ဒလဘက်ခြမ်း ချဉ်းကပ်တံတားအရှည်သည် ၅၇၇ မီတာရှိကာ ရန်ကုန်ဘက်ခြမ်း ချဉ်းကပ် တံတားအရှည်သည် ၆ဝ၁ မီတာရှိကာ ရေလယ်ပိုင်း ပင်မတံတားအရှည်သည် မီတာ ၆၉ဝ ရှိပြီး စုစုပေါင်း တံတားရှည်သည် ၆၁၄၄ ပေရှိသည်။

ရေလမ်းကင်းလွတ်ခွင့်အမြင့်သည် ၄၉ မီတာ (၁၆ဝ ပေ) ရှိသည်။ တံတားတွင် တစ်ဖက်လျှင် ၄ မီတာအကျယ် လူသွားပလက်ဖောင်းပါရှိကြောင်း သိရသည်။

ထို့ပြင် တံတားပြီးစီးသည့်အခါ တံတားပေါ်တွင် မောင်းနှင်မည့် မော်တော်ယာဉ်များကို တံတား ချဉ်းကပ်လမ်းပိုင်းတွင် တစ်နာရီလျှင် ကီလိုမီတာ ၅၀ နှုန်းနှင့် တံတား၏ ဆင်ခြေလျှော အပိုင်းများတွင် တစ်နာရီလျှင် ကီလိုမီတာ ၃၀ နှုန်း မောင်းနှင်ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here