ဂါဇာစီးတီး ရပ်ကွက်တစ်ခုကို အစ္စရေးတပ်များ စီးနင်းတိုက်ခိုက် ပါလက်စတိုင်းများကို တောင်ပိုင်းသို့ ထွက်ခွာဖို့ ညွှန်ကြား

0
63

အစ္စရေးတပ်တွေဟာ ဂါဇာစီးတီးရှိ ရပ်ကွက်တစ်ခုကို စီးနင်းတိုက်ခိုက်ခဲ့ပြီး တင့်ကားတွေ ဝင်ရောက်လာမှုနဲ့အတူ ဒေသခံ ပါလက်စတိုင်းတွေကို တောင်ပိုင်းသို့ ထွက်ခွာကြဖို့  အသိပေးပြောဆိုခဲ့ကြောင်း သိရပါတယ်။

ဟားမတ်စ်အဖွဲ့အပေါ် စစ်ဆင်ရေးနောက်ဆုံးအဆင့်မှာ တောင်ပိုင်းရာဖာမြို့ကိုလည်း အစ္စရေးက ဗုံးကြဲတိုက်ခိုက်မှုတွေလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

ညပိုင်း ဗုံးကြဲတိုက်ခိုက်မှုတွေအပြီးမှာ ဒရုန်းတိုက်ခိုက်မှုတွေနဲ့အတူ နောက်တစ်နေ့ နေ့လည်ပိုင်းမှာ တင့်ကားတွေ ဝင်ရောက်လာကာ ပစ်ခတ်မှုတွေ လုပ်ခဲ့တာကြောင့် အံ့အားသင့်ခဲ့ရတယ်လို့ ဂါဇာစီးတီးရဲ့ Shejaia ရပ်ကွက်မှာ နေထိုင်သူတွေက ပြောဆိုပါတယ်။

မိမိတို့ ရပ်ကွက်မှာ နေအိမ်အတော်များများ ပျက်စီးကာ အဆောက်အအုံတွေ လှုပ်ခါသွားစေတဲ့ ဗုံးကြဲမှုတွေ ဆက်တိုက်ဖြစ်နေပြီး စစ်ပွဲပြန်စနေသလို အသံတွေကြားနေရတယ်လို့ ဂါဇာစီးတီးမြို့ခံ မိုဟာမက် ဂျမ်မဲလ်က ပြောဆိုပါတယ်။

Shejaia မှာ လူတွေ‌ေ-သဆုံး ဒဏ်ရာရတဲ့ သတင်းတွေရရှိနေပေမယ့် တိုက်ပွဲဆက်ဖြစ်နေတာကြောင့် သူတို့အဖွဲ့တွေ ယင်းနေရာကို သွားလို့မရဖြစ်နေတယ်လို့ ပါလက်စတိုင်း အရပ်ဘက်အရေးပေါ် ဝန်ဆောင်မှုအဖွဲ့က ပြောဆိုပါတယ်။ Shejaia မှာ အစောပိုင်း ဗုံးကြဲတိုက်ခိုက်မှုတွေအတွင်း လူ သုံးဦး ‌ေ-သဆုံးခဲ့ပြီး Sabra ရပ်ကွက်မှာတော့ ငါးဦး ‌ေ-သဆုံးခဲ့တယ်လို့ သတင်းတွေက ဖော်ပြပါတယ်။

ဟားမတ်စ် မဟာမိတ် အစ္စလာမ်မစ် ဂျီဟတ်အဖွဲ့က Shejaia မှာ အစ္စရေးတင့်ကားတစ်စီးကို ဗုံးထောင်ဖောက်ခွဲခဲ့တယ်လို့ ပြောဆိုပါတယ်။

စစ်သွေးကြွတွေဟာ အရပ်သားတွေကြားမှာ ပုန်းအောင်းနေတယ်လို့ အစ္စရေးက စွပ်စွဲခဲ့ပြီး စစ်ဘေးရှောင်တွေအနေနဲ့ စစ်သွေးကြွတွေကို ထိုးစစ်ဆင်နေတဲ့ သူတို့ရဲ့လမ်းကြောင်းတွေနဲ့ ဝေးရာကို ထွက်ခွာကြဖို့ သတိပေးခဲ့ပါတယ်။

“Shejaia ဧရိယာနဲ့ ရပ်ကွက်သစ်တွေမှာ နေထိုင်တဲ့ ဒေသခံတွေ၊ စစ်ဘေးရှောင်တွေ အားလုံးအနေနဲ့ သင်တို့ရဲ့ လုံခြုံဘေးကင်းမှုအတွက် Salah-Al-Din လမ်းကနေ တောင်ဘက် လူသားချင်းစာနာထောက်ထားမှုဇုန်ရှိရာကို ချက်ချင်း ရွှေ့ပြောင်းကြရပါမယ်” လို့ အစ္စရေးစစ်တပ် ပြောရေးဆိုခွင့်ရှိသူ Avichay Adraee က X ပေါ်ကနေ ပြောဆိုခဲ့ပါတယ်။

Ref: Arab News


LEAVE A REPLY

Please enter your comment!
Please enter your name here