ပြည်ပရှိ မြန်မာလုပ်သားများ၏ မိသားစုလွှဲပို့ငွေစာရင်း နိုင်ငံခြားငွေဖြင့် ဖော်ပြပေးရတော့မည်

0
70

ပြည်ပတွင် သွားရောက်အလုပ်လုပ်နေသည့် မြန်မာနိုင်ငံသားများအနေဖြင့် မိသားစုထံလွှဲပို့သည့် ငွေစာရင်းကို နိုင်ငံခြားငွေဖြင့် ဖော်ပြပေးရမည်ဖြစ်ကြောင်း အလုပ်သမားညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။

ပြည်ပတွင် လုပ်ကိုင်နေသည့် မြန်မာအလုပ်သမားများအနေဖြင့် မိမိလုပ်ခလစာ၏ ၂၅ ရာခိုင်နှုန်းကို တရားဝင်ဘဏ်စနစ်မှတဆင့် ပြည်တွင်းရှိ မိသားစုဝင်များထံ ပေးပို့ရမည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနဘက်မှလည်း ညွှန်ကြားထားသည်။

ထိုကဲ့သို့ လုပ်ခလစာ၏ ၂၅ ရာခိုင်နှုန်းကို (၁) လချင်း သို့မဟုတ် (၃) လ တစ်ကြိမ်ဖြစ်စေ တရားဝင်ဘဏ်စနစ်မှတဆင့် လွှဲပို့နိုင်ကာ မလိုက်နာပါက နောက်တကြိမ် ပြည်ပထွက်ခွင့် သုံးနှစ်ပိတ်ပင်ခံရမည်ဖြစ်ကြောင်းလည်း သိရသည်။

ထို့ပြင် ပြည်ပသို့ တာဝန်ခံကာ အလုပ်သမား စေလွှတ်လိုက်သည့် အလုပ်အေဂျင်စီများအနေဖြင့်လည်း လစာငွေလွှဲစာရင်း မတင်ပြနိုင်ပါကပြည်ပအလုပ်အကိုင်ဆိုင်ရာဥပဒေအရ အရေးယူခြင်းခံရမည်ဖြစ်ကြောင်းလည်း အလုပ်သမားဝန်ကြီးဌာနက သတိပေးထားသေးသည်။

ထိုသို့ငွေလွှဲသည်ကို ဖော်ပြရမည့် အစီအစဉ်ကို ပြည်ပရှိ အလုပ်သမားများ၏ လွှဲပို့ငွေစာရင်းကို ပြုစုပြီး ဇွန်လမှစတင်၍ လစဉ်တိုင်း လဆန်း (၅)ရက်ထက် နောက်မကျစေဘဲပေး ပို့ရမည်ဖြစ်ကာ အချိန်မီ ပေးပို့နိုင်ခြင်းမရှိသည့် အေဂျင်စီများအနေဖြင့်လည်း ပြည်ပသို့ အလုပ်သမားစေလွှတ်ရေးလုပ်ငန်းများကို ယာယီဆိုင်းငံ့သွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ပြည်ပကို အလုပ်သမားစေလွှတ်ခွင့်ရထားသည့် အေဂျင်စီ (၅၀၀) ကျော်အထိရှိနေပြီး လစဉ်လုပ်သား နှစ်သောင်းနီးပါး ပြည်ပသို့ ထွက်ခွာနေကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here