ဓာတ်အားစနစ် ပြုပြင်ဆဲဖြစ်၍ ရန်ကုန်တွင် မီးပြတ်မည်

0
223

ဓာတ်အားလိုင်း ချို့ယွင်းနေမှုများကို ပြုပြင်ဆဲဖြစ်၍ ရန်ကုန်တွင် မီးပြတ်မည်ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ အသိပေးကြေညာထားသည်။

နိုင်ငံတော် ဓာတ်အားစနစ်အတွင်း ဇွန် (၂၆)ရက်၊ (၈) နာရီဝန်းကျင် အချိန်ခန့်တွင် 230kV မန်စံ – ရွှေစာရံလိုင်း အမြဲတမ်းအပြစ် (Permanent fault) ဖြစ်၍ တစ်နိုင်ငံလုံးဓာတ်အားစနစ် ချို့ယွင်းမှု (System Breakdown) ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ ဓာတ်အားလိုင်း ချို့ယွင်းနေမှုကြောင့် ယနေ့အထိ နိုင်ငံတော် ဓာတ်အားစနစ်အတွင်းသို့ ရွှေလီဓာတ်အားပေးစက်မျာမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပို့လွှတ်နိုင်မှု (၄၀၀) မဂ္ဂါဝပ်ခန့် တစ်နေ့လျှင် လျှပ်စစ်ပမာဏယူနစ်( ၉.၅) သန်းခန့် လျော့နည်းရရှိနေပြီး နယ်မြေအခြေအနေအရ ပြုပြင်မှုများ ဆောင်ရွက်နိုင်ရန်စီစဉ်ထားဆဲဖြစ်သည်။

ထို့ပြင် ရန်ကုန်တိုင်းဒေသကြီးအတွက် မူလလျာထား‌သော ဓာတ်အားပမာဏထက်(၂၀% )နေ့စဉ်ယူနစ် (၅.၆၄၇) သန်းခန့် လျော့နည်းရရှိခဲ့သဖြင့် အရေးပေါ် ဝန်အားလျှော့ထိန်းညှိခြင်းများ ဆောင်ရွက်နေရကြောင်း သိရသည်။

သို့ဖြစ်ပါ၍ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်နှင့် အများပြည်သူများအား ယခင်ရက်ပိုင်း သုံးစွဲဝန်အားထက် လျော့ချ၍ ဓာတ်အားဖြန့်ဖြူးနေရပါကြောင်းနှင့် အရေးပေါ် ဝန်အား ထိန်းညှိ‌မှုဆောင်ရွက်ရခြင်း‌များကြောင့် မြို့နယ်အချို့တွင် ယာယီဓာတ်အားပြတ်တောက်မှုများရှိနိုင်မည်‌ဖြစ်ကြောင်း အသိပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here