မဟာအောင်မြေမြို့နယ်တွင် ငွေကျပ်သိန်း (၇၂၀) တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး Happy Water များ ဖမ်းဆီးရမိ

0
66

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်တွင်အမျိုးသားတစ်ဦးထံမှ ငွေကျပ်သိန်း (၇၂၀) တန်ဖိုးရှိ Happy Water များ သိမ်းဆည်းရမိခဲ့ပြီး သယ်ဆောင်ရောင်းဝယ်ရာတွင် ပါဝင်သူ အမျိုးသား တစ်ဦးကိုလည်း ဆက်လက်ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

မဟာအောင်မြေမြို့နယ်၊ မဟာမြိုင် (၁)၊ မဟာနွယ်စဉ်ရပ်ကွက်၊ လမ်း (၄၀)၊ (၆၉) (B)ထောင့်တွင် ဇွန် (၂၇) ရက်၊ နေ့လယ် (၂)နာရီက မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့မှ သက်သေများနှင့်အတူ မသင်္ကာဖွယ်တွေ့ရှိသူ မိုင်းညီသိန်းစံအား စစ်ဆေးရှာဖွေခဲ့ကြောင်း သိရသည်။

ထိုသို့ စစ်ဆေးရှာဖွေရာ ၎င်းထံမှ စိတ်ပြောင်းဆေးဝါး Happy Water အလေးချိန် (၆၀၀) ဂရမ် ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း (၇၂၀) နှင့် လက်ကိုင်ဖုန်း (၁) လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ကွင်းဆက်ဖော်ထုတ်ချက်အရ ယင်းနေ့ (၂)နာရီခွဲတွင် စိတ်ပြောင်းဆေးဝါးများ သယ်ဆောင်ရောင်းဝယ်ရာတွင် ပူးပေါင်းပါဝင်သူ လွင်မင်းခန့်အား အဆိုပါ နေရာ၌ မော်တော်ဆိုင်ကယ် (၁) စီး၊ လက်ကိုင်ဖုန်း (၁) လုံးတို့နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ မိုင်းညီသိန်းစံ (၃၀)နှစ်နှင့် လွင်မင်းခန့်(၂၅)နှစ်တို့အား အမှတ်(၉)မြို့မ ရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့်အရေးယူထားပြီး ကွင်းဆက်များဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ထုတ်ပြန်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here