ငြိမ်းချမ်းစွာ အတူနေထိုင်ရေး မူကြီး(၅)ချက် ထုတ်ပြန်ခြင်း နှစ် (၇၀)ပြည့်အထိမ်းအမှတ်ပွဲတွင် ဦးသိန်းစိန် မိန့်ခွန်းပြော

0
100

တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့တွင် ကျင်းပနေသည့် ငြိမ်းချမ်းစွာ အတူနေထိုင်ရေး မူကြီး(၅)ချက် ထုတ်ပြန်ခြင်း နှစ် (၇၀) ပြည့်အထိမ်းအမှတ် ဂုဏ်ပြုနေ့လယ်စာ စားပွဲတွင် သမ္မတ(ငြိမ်း)ဦးသိန်းစိန် မိန့်ခွန်းပြောကြားခဲ့သည်။

အဆိုပါ နေ့လယ်စာစားပွဲတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီနှင့် အခြားသော နိုင်ငံခေါင်းဆောင်အချို့လည်း မိန့်ခွန်းများပြောကြားခဲ့ခြင်းဖြစ်သည်။

သမ္မတ(ငြိမ်း) ဦးသိန်းစိန်သည် ဇွန်လ (၂၇) ရက်တွင် တရုတ်နိုင်ငံသို့ နေပြည်တော်လေဆိပ်မှ သွားရောက်ကာ အဆိုပါ အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်ခဲ့ခြင်းဖြစ်သည်။

(၄)ရက်ကြာမြင့်မည့် အဆိုပါ ခရီးစဉ်တွင် ယခင်သမ္မတနှင့်အတူ မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ (MISIS) ဥက္ကဋ္ဌ ဦးသန့်ကျော်၊ မြန်မာ – တရုတ် ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ ဦးတင်ဦး၊ ဝန်ကြီးချုပ်ဟောင်း ဦးနု ၏သမီး၊ ဦးနု-ဒေါ်မြရီ ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဒေါ်သန်းသန်းနု တို့လည်း လိုက်ပါသွားကြောင်း သိရသည်။

တရုတ်သံရုံးအနေဖြင့်လည်း နစက၏ သဘောတူညီမှုဖြင့် သမ္မတ(ငြိမ်း) ဦးသိန်းစိန်ကို ဖိတ်ကြားခဲ့ခြင်းဖြစ်ကြောင်း ဘီဘီစီသတင်းဌာနကို နစကသတင်းပြန်ကြားရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားထားထားသည်။

သမ္မတ(ငြိမ်း)ဦးသိန်းစိန် သည် ၂၀၁၁ ခုနှစ် ၊ မေလ (၂၆) မှ (၂၈) ရက် အထိ တရုတ်ပြည်သို့ တရားဝင် ပထမဆုံးခရီးစဉ် သွားရောက်ခဲ့ပြီး ဒုတိယအကြိမ်အဖြစ် ၂၀၁၄ခုနှစ် ဇွန်လ (၂၈) ရက်က ဘေဂျင်းတွင် တရုတ် သမ္မတ ရှီကျင့်ဖျင် ၊ မြန်မာနိုင်ငံ သမ္မတ(ငြိမ်း)ဦးသိန်းစိန် နှင့် အိန္ဒိယ ဒုတိယ သမ္မတ မိုဟာမက် ဟာမက် အန်စာရီ တို့တွေ့ဆုံခဲ့ကြသည်။

ထို့ပြင် သမ္မရှီကျင်းဖျင်နှင့် သမ္မတ(ငြိမ်း)ဦးသိန်းစိန်တို့၏ တတိယအကြိမ် တွေ့ဆုံမှုအဖြစ် ၂၀၁၅ ခုနှစ် ဧပြီလ (၂၂) ရက်တွင် ဂျကာတာမြို့၌ တွေ့ဆုံခဲ့ဖူးသည်။

ယခု သွားရောက်သည့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး မူကြီး (၅) ချက် ထုတ်ပြန်ခြင်း နှစ် (၇၀) ပြည့် အထိမ်းအမှတ် အခမ်းအနားတွင် သမ္မတ(ငြိမ်း)ဦးသိန်းစိန်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ လက်ဆွဲနှုတ်ဆက်နေသည်ကိုတွေ့ရကာ သမ္မတရှီကျင့်ဖျင်နှင့် အနီးဆုံးဖြစ်သည့် ရှေ့ဆုံးတန်းတွင် နေရာချထားပေးသည်ကိုလည်း အခမ်းအနားဓာတ်ပုံများ၌ တွေ့ရသည်။

ဓာတ်ပုံ – CCTV


LEAVE A REPLY

Please enter your comment!
Please enter your name here