အပူရှိန်ပြင်း ကမ္ဘာ့မြို့တော်ကြီးတွေမှာ ၃၅ ဒီဂရီ ဆဲလ်စီးယပ်စ်ကျော်သော နေ့အရေအတွက် ပိုတိုးလာ

0
61

ဒေလီမှသည် ဂျာကာတာ၊ ဗျူနို့စ်အေရိစ်တို့ပါဝင်တဲ့ ကမ္ဘာ့အကြီးဆုံး မြို့တော်ကြီး ၂၀ မှာ အပူချိန် ၃၅ ဒီဂရီ ဆဲလ်စီးယပ်စ်သို့ ရောက်ရှိတဲ့ နေ့အရေအတွက်ဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်သုံးခုကျော်အတွင်း ၅၂ ရာခိုင်နှုန်း တိုးမြင့်လာခဲ့တယ်လို့ ပညာရှင်အဖွဲ့တစ်ခုက ဇွန် ၂၈ ရက်မှာ ပြောဆိုပါတယ်။

ကမ္ဘာ့ လူဦးရေအထူထပ်ဆုံး မြို့တော် ၂၀ မှာ အပူစုပ်လှောင် အဆောက်အအုံတွေ၊ နိုင်လွန်ကတ္တာရာတွေနဲ့အတူ နေထိုင်ရတဲ့ သန်း ၃၀၀ ကျော်သော လူတွေဟာ ရာသီဥတုပြောင်းလဲမှုကြောင့်ဖြစ်ပေါ်လာတဲ့ အပူချိန်မြင့်တက်မှုဒဏ်ကို ခံနိုင်ရည်အားနည်းကြပါတယ်။

ဒေလီ၊ ဒါကာနဲ့ မနီလာတို့အပါအဝင် မြို့တော်ကြီးတွေဟာ ယခုနှစ်အတွင်း အန္တရာယ်ရှိတဲ့ အပူလှိုင်းဒဏ်ကို ခံခဲ့ကြရပြီး အပူနဲ့ ဆက်စပ်တဲ့ လူ‌ေ-သဆုံးရခြင်းတွေ၊ စာသင်ကျောင်းတွေ ပိတ်ရခြင်း ဖြစ်ခဲ့ပါတယ်။

ဒေလီတစ်မြို့တည်းပင်လျှင် နှစ်ပေါင်း ၇၄ နှစ်အတွင်း အရှည်ကြာဆုံးနဲ့ အပြင်းထန်ဆုံး အပူလှိုင်းဒဏ်ကို ကြုံတွေ့ခဲ့ရပြီး မေလ ၁၄ ရက်ကနေ ဇွန် ၂၁ ရက်အထိ အမြင့်ဆုံးအပူချိန် ၄၀ ဒီဂရီ ဆဲလ်စီးယပ်စ်ကျော်သောရက်ပေါင်း ၃၉ ရက်ဆက်တိုက်ကြုံတွေ့ခဲ့တယ်လို့ မိုးလေဝသဋ္ဌာနရဲ့ အချက်အလက်တွေက ဆိုပါတယ်။

ယခုအခါ လန်ဒန်အခြေစိုက် သဘာဝပတ်ဝန်းကျင်နဲ့ ဖွံ့ဖြိုးတိုးတက်ရေး နိုင်ငံတကာအင်စတီကျူ့(IIED) က ကမ္ဘာ့အကြီးဆုံးမြို့ပြစင်တာအချို့မှာ ထူးကဲအပူချိန် ခြိမ်းခြောက်မှုကြီးထွားလာခြင်းနဲ့ပတ်သက်လို့ တိုင်းတာခဲ့မှုတွေအရ လေ့လာတွေ့ရှိချက်တွေကို ထုတ်ပြန်ခဲ့ပါတယ်။

လေဆိပ် မိုးလေဝသဋ္ဌာနတွေမှ မျက်နှာပြင်အပူချိန် အချက်အလက်တွေကို အသုံးပြု လေ့လာခဲ့မှုအရ ၂၀၁၄ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ ဆယ်စုနှစ်အတွင်း မြို့ကြီး ၂၀ မှာ တစ်မြို့ဟာ အပူချိန် ၃၅ ဒီဂရီဆဲလ်စီးယပ်စ်နဲ့အထက် ရောက်ရှိတဲ့ ရက်ပေါင်း ၆၅၀၀ နီးပါးအထိ တိုးမြင့်လာခဲ့တယ်လို့ သုတေသီတွေ တွေ့ရှိခဲ့ကြပါတယ်။

၁၉၉၄ ခုနှစ်ကနေ ၂၀၀၃ အထိ ဆယ်စုနှစ်ကာလမှာတော့ ယင်းအပူချိန်ကိုရောက်ရှိတဲ့ ရက်ပေါင်းက ၄၇၅၅ ရက်သာ ရှိခဲ့တာလို့ ဆိုပါတယ်။

မြို့ကြီးတွေရဲ့ နေရာအနှံ့မှာ ပူပြင်းတဲ့ရာသီကို ခံစားရခြင်းမျိုးတော့မဟုတ်ကြောင်း၊ အချို့သော ရပ်ကွက်တွေနဲ့ စီးပွားရေးအချက်အချာနေရာတွေမှာ အပူလွန်ကဲတဲ့ နေ့ရက်တွေ ပိုများကြောင်းနဲ့ ဒါဟာ မတူညီမှုတွေ၊ အဆောက်အအုံနဲ့ အများပြည်သူဆိုင်ရာ အခြေခံအဆောက်အဦတွေရဲ့ ပုံစံဒီဇိုင်းတွေနဲ့ ဆက်စပ်နေကြောင်း IIED သုတေသီတစ်ဦးဖြစ်တဲ့ Tucker Landesman က ပြောဆိုခဲ့ပါတယ်။

အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့တော်ဟာ ၃၅ ဒီဂရီကျော်တဲ့ အပူချိန်ရက်အရေအတွက် အကြီးဆုံးမြင့်တက်မှုကို ကြုံတွေ့ခဲ့တဲ့ မြို့ဖြစ်ပြီး ၁၉၉၄ ခုနှစ်မှ ၂၀၀၃ ခုနှစ်အထိ ဆယ်စုနှစ်တွင်း ယင်းရက်ပေါင်း ၂၈ ရက်သာရှိခဲ့ရာမှာ ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်းမှာတော့ ရက်ပေါင်း ၁၆၇ ရက်အထိ မြင့်တက်ခဲ့တယ်လို့ ဆိုပါတယ်။ ယင်းကာလတူတွေအတွင်း ဆိုးလ်မြို့တော်က ၉ ရက်ရှိခဲ့ရာက ၅၈ ရက်၊ ဗျူနို့စ်အေရိစ်က ၇ ရက်သာရှိခဲ့ရာက ၃၅ ရက် အသီးသီးမြင့်တက်ခဲ့တယ်လို့ သိရပါတယ်။

Ref: MSN


LEAVE A REPLY

Please enter your comment!
Please enter your name here