ပူတင်ရဲ့ ခရီးစဉ်အပြီး မြောက်ကိုရီးယားတွင် အလုပ်သမားပါတီကအစည်းအဝေး ခေါ်ယူကျင်းပ

0
66

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က နိုင်ငံရဲ့ အာဏာရပါတီ၏ အဓိကအစည်းအဝေးကို သောကြာနေ့မှာ စတင်ခေါ်ယူကျင်းပခဲ့တယ်လို့ နိုင်ငံပိုင် KCNA သတင်းဋ္ဌာနက စနေနေ့(ဇွန် ၂၉) မှာ သတင်းထုတ်ပြန်ပါတယ်။ အမေရိကန်အတွက် သတိပေးတပ်လှပ်မှုဖြစ်စေခဲ့တဲ့ ပြုံယမ်းနဲ့ မော်စကိုတို့အကြား စစ်ရေးအကာအကွယ်ဆိုင်ရာစာချုပ် လက်မှတ်ရေးထိုးအပြီး သီတင်းတစ်ပတ်ကျော်အကြာမှာပဲ ယခုအစည်းအဝေးခေါ်ယူခဲ့တာဖြစ်ပါတယ်။

ကိုရီးယား အလုပ်သမားပါတီ ဗဟိုကော်မတီရဲ့ ၁၀ ကြိမ်မြောက် မျက်နှာစုံညီအစည်းအဝေးကို သောကြာနေ့မှာ ခေါ်ယူခဲ့ပြီး ဆွေးနွေးချက်အစီအစဉ် ၅ ခုကို အတည်ပြုခဲ့တယ်လို့ အစီအစဉ်အသေးစိတ်ကို မဖော်ပြဘဲ KCNA က ပြောဆိုပါတယ်။

ခေါင်းဆောင် ကင် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့တဲ့ အစည်းအဝေးဟာ ယခုနှစ် ပထမနှစ်ဝက်အတွင်း လုပ်ဆောင်ခဲ့သော လုပ်ငန်းတွေအပေါ် ပြန်လည်သုံးသပ်ခြင်းနဲ့ ပေါ်ပေါက်လာတဲ့ အရေးကြီးသော လတ်တလောကိစ္စရပ်တွေအပေါ် ဆုံးဖြတ်ခြင်းတွေ လုပ်ဆောင်ကြောင်း ထုတ်ပြန်ချက်မှာ ဆိုခဲ့ပါတယ်။

ဇွန်လ ၁၉ ရက်က ပြုံယမ်းမှာ ခေါင်းဆောင်နှစ်ဦး တွေ့ဆုံခဲ့ချိန်က ရုရှားနဲ့ မြောက်ကိုရီးယားတို့ဟာ စစ်အေးခေတ်ကာလအတွင်း ဖော်ဆောင်ခဲ့တဲ့ သဘောတူညီချက်ကို ပြန်အသက်သွင်းခဲ့ပြီး တစ်နိုင်ငံ တိုက်ခိုက်ခံရပါက အချင်းချင်းစစ်ရေးအကူအညီပေးဖို့ သဘောတူညီခဲ့ကြပါတယ်။

Ref: ရိုက်တာ


LEAVE A REPLY

Please enter your comment!
Please enter your name here