အသက်အရွယ်နဲ့ စကားစစ်ထိုးမှု စွမ်းရည် ကျဆင်းလာကြောင်း ဝန်ခံပေမယ့် ထရန့်ကို အနိုင်ယူမယ်လို့ ဘိုင်ဒင် ကတိပြု

0
62

နိုဝင်ဘာလ သမ္မတ ရွေးကောက်ပွဲမှာ ပြိုင်ဘက် ရီပတ်ဘလီကန် ကိုယ်စားလှယ် ဒေါ်နယ်ထရန့်ကို အနိုင်ယူဖို့ သူ ရည်ရွယ်ထားတယ်လို့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်က ဇွန် ၂၈ ရက်မှာ ပြောဆိုလိုက်ပါတယ်။

စွမ်းဆောင်ရည်မကောင်းခဲ့တဲ့ စကားစစ်ထိုးပွဲတစ်ခုအပြီး လုပ်ဖော်ကိုင်ဖက် ဒီမိုကရက်တွေ စိတ်ပျက်ရပေမယ့် ပြိုင်ပွဲကနေ သူနုတ်ထွက်ဖို့ စဉ်းစားမှာမဟုတ်ဘူးဆိုတာကို ဘိုင်ဒင်က ပြသခဲ့ပါတယ်။

“ရှင်းရှင်းပြောရရင် ကျွန်တော် လူငယ်တစ်ယောက်မဟုတ်တော့ဘူးဆိုတာ သိပါတယ်” လို့ ရီပတ်ဘလီကန်ပြိုင်ဘက်နဲ့ ထိပ်တိုက်တွေ့ဆုံမှုအပြီး နောက်တစ်ရက်မှာ ပြုလုပ်တဲ့ လူထုစုဝေးမှုအတွင်း ဘိုင်ဒင်က ပြောဆိုခဲ့ပါတယ်။ ယင်း စကားစစ်ထိုးပွဲမှာ အသက် ၈၁ နှစ်အရွယ် သမ္မတ ရှုံးနိမ့်ခဲ့တယ်လို့ အများက ရှုမြင်ကြပါတယ်။

“အရင်လို လွယ်လွယ် လမ်းမလျှောက်နိုင်၊ အရင်လို ချောချောမွတ်မွတ် စကားမပြောနိုင်၊ အရင်လို စကားအချေအတင် စစ်ထိုးတာတွေ မလုပ်နိုင်တော့ဘူး” လို့ သူက ပြောခဲ့ပြီး လူအုပ်ကြီးက နောက်သက်တမ်းလေးနှစ်အတွက်လို့ အော်ဟစ်အားပေးခဲ့ပါတယ်။

“ဒီတာဝန်ကို လုပ်နိုင်တယ်လို့ ကျွန်တော့် ရင်ထဲ၊ အသည်းထဲက မယုံကြည်ဘူးဆိုရင် ကျွန်တော်ထပ်ပြိုင်နေမှာ မဟုတ်ပါဘူး၊ အရင်းအနှီးအရမ်းကြီးပါတယ်” လို့ ဘိုင်ဒင်က ဆိုခဲ့ပါတယ်။

ဘိုင်ဒင်ရဲ့ နှုတ်ထွက်စကား ချို့ယွင်းချက်နဲ့ စကားစစ်ထိုးမှုတွေမှာ စကားလမ်းကြောင်းလွဲတဲ့ တုန့်ပြန်မှုတွေဟာ နောက်ထပ်လေးနှစ်သက်တမ်းထမ်းဆောင်ဖို့ရာ အံမဝင်နိုင်ဘူးဆိုတဲ့ မဲဆန္ဒရှင်တွေရဲ့ စိုးရိမ်မှုကို ပိုတိုးလာစေခဲ့သလို လာမယ့် သမ္မတ ရွေးကောက်ပွဲမှာ သူ့တို့ရဲ့ ကိုယ်စားလှယ်လောင်းအဖြစ် အခြားသူကို အစားထိုးရွေးချယ်ရတော့မလားဆိုပြီး ဒီမိုကရက်တွေ သံသယ ဝင်နေကြတယ်လို့ ဆိုပါတယ်။

မဲဆွယ်စည်းရုံးရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ မိုက်ကယ် တိုင်လာကတော့ ဒီဖြစ်နိုင်ခြေ (ကိုယ်စားလှယ်လောင်း အစားထိုးခြင်း) နဲ့ပတ်သက်လို့ ပြောဆိုဆွေးနွေးတာမျိုး မရှိဘူး လို့ သတင်းထောက်တွေကို သူက ပြောဆိုခဲ့ပါတယ်။

Ref: ရိုက်တာ


LEAVE A REPLY

Please enter your comment!
Please enter your name here