ဘိုင်ဒင်၏အစိုးရအဖွဲ့က ဘိုင်ဒင်ကို ရာထူးက ဖယ်ရှားသင့်ဟု အမေရိကန် အောက်လွှတ်တော် ဥက္ကဋ္ဌပြော

0
113

အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်၏ အစိုးရအဖွဲ့သည် ဘိုင်ဒင်ကိုရာထူးမှ ဖယ်ရှားရန် စဉ်းစားသင့်သည်ဟု အမေရိကန် အောက်လွှတ်တော် ဥက္ကဋ္ဌ မိုက်ဂျွန်ဆင်က ပြောကြားခဲ့သည်။

“အခြေခံဥပဒေ ပုဒ်မ ၂၅ ပြင်ဆင်ချက်နဲ့ ပတ်သက်ပြီး မေးနေကြသူတွေ အများအပြားရှိနေပြီး၊ ဒါက စိုးရိမ်စရာကောင်းတဲ့ အခြေအနေဖြစ်လို့ အခုပဲ အဲဒီ ပုဒ်မ ၂၅ ပြင်ဆင်ချက်ကို တောင်းဆိုနေပါတယ်” ဟု ဂျွန်ဆင်က ပြောကြားခဲ့သည်။ “ကျွန်တော်တို့ရဲ့ရန်သူတွေကလဲ အိမ်ဖြူတော်ရဲ့ အားနည်းချက်တွေကို ကျွန်တော်တို့အားလုံးမြင်နေသလိုပဲ မြင်ကြပါတယ်” ဟုလည်း သူက ဆိုသည်။ “ဒါက အရမ်းအန္တရာယ်များတဲ့ အခြေအနေလို့ ကျွန်တော်ထင်ပါတယ်။”

အမေရိကန်ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ ပုဒ်မ ၂၅ ပြင်ဆင်ချက်အရ သမ္မတတစ်ဦးသည် ၎င်း၏ရာထူးတာဝန်များကို မထမ်းဆောင်နိုင်ပါက ဒုသမ္မတသည် သမ္မတဖြစ်လာမည်ဖြစ်သည်။ ပြင်ဆင်ချက်တွင် သမ္မတကို အစားထိုးရန် လုပ်ထုံးလုပ်နည်းကိုလည်း အသေးစိတ်ဖော်ပြထားသည်။

“ရင်ထဲကအဖြေစစ်စစ်ကို ရှာဖွေဖို့ ကက်ဘိနက်အဖွဲ့ဝင်တွေကို ကျွန်တော် တောင်းဆိုချင်ပါတယ်”ဟု ဂျွန်ဆင်က ဆက်ပြောသည်။ “ဒါဟာ နိုင်ငံရေးသက်သက် မဟုတ်ပါဘူး။ ဒီမိုကရက်တစ်ပါတီအတွက်တင် မဟုတ်ပါဘူး။ ဒါဟာ တစ်တိုင်းပြည်လုံး အတိုင်းအတာနဲ့ ရင်ဆိုင်နေရတဲ့ ပြဿနာဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့မှာ တာဝန်မကျေတဲ့ သမ္မတတစ်ယောက်ရှိနေလို့ ခုလို ပြဿနာအကြီးကြီးရှိနေတာဖြစ်ပါတယ်။”ဟုလည်း ဂျွန်ဆင်ကဆိုသည်။

“သူတို့[အစိုးရအဖွဲ့ဝင်များ]တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်နိုင်မယ်လို့ မျှော်လင့်ပါတယ်” ဟု ၎င်းက ဆိုသည်။

ကြာသပတေးနေ့တွင်၊ ဂျော်ဂျီယာ၊ အတ္တလန်တာတွင် လက်ရှိသမ္မတ ဂျိုးဘိုင်ဒင်နှင့် သမ္မတဟောင်း ဒေါ်နယ်ထရန့်တို့ကြား ရာသီ၏ ပထမဆုံး အမေရိကန်သမ္မတရွေးကောက်ပွဲ စကားစစ်ထိုးပွဲကို ကျင်းပခဲ့သည်။ ဘိုင်ဒင်၏စွမ်းဆောင်ရည် ညံ့ဖျင်းသည်ဟု အများကထင်ကြသဖြင့် ဒီမိုကရက်များသည် ထိတ်လန့်တုန်လှုပ်နေကြကြောင်း ဝေါလ်စထရိဂျာနယ်တွင် ဖော်ပြခဲ့သည်။

အမေရိကန်သမ္မတရွေးကောက်ပွဲကို နိုဝင်ဘာ ၅ ရက်တွင် ကျင်းပမည်ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here