ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီအထူး အစီရင်ခံစာတင်သွင်းသူ၏ စာ၌ပါဝင်သည့် ဘဏ်များနှင့်ပတ်သက်သည့်ဖော်ပြချက်များအပေါ် စိုးရိမ်ပူပန်မိကြောင်း UMFCCI ထုတ်ပြန်

0
114

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီသို့အထူးအစီရင်ခံစာ တင်သွင်းသူ၏တင်ပြစာတွင် နိုင်ငံပိုင်ဘဏ်နှင့် ပုဂ္ဂလိကဘဏ်အချို့မှာ မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးချိုးဖောက်မှုများ၌ ပါဝင်နေသည့်အတွက် အရေးယူပေးရန် တောင်းဆိုမှုများ ဖော်ပြထားပြီး၄င်း အစီရင်ခံ စာတစ်စောင်ကို ဇွန်လ (၂၆) ရက်တွင် ထုတ်ပြန်ခဲ့သည်။

ယင်းအစီရင်ခံစာကြောင့် ဘဏ်များကို မှီခိုလုပ်ကိုင်နေသည့် ဝန်ထမ်းများ၏ မိသားစုစားဝတ်နေရေးကို ထိခိုက်စေနိုင်ကြောင်း ကုန်သည်စက်မှုအသင်းချုပ်က ထုတ်ပြန်ထားသည်။

၎င်းအစီရင်ခံစာသည် စီးပွားရေးအရ ထိခိုက်မှုများရှိလာနိုင်သည့်အတွက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်မှ စိုးရိမ်ပူပန်မိကြောင်း ထုတ်ပြန်ထားသည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်သည် ပုဂ္ဂလိကကဏ္ဍကို ကိုယ်စားပြု၍ မြန်မာ့စီးပွားရေး စဉ်ဆက်မပြတ်ရှင်သန်ဖွံ့ဖြိုးရေးကို ဦးတည်ဆောင်ရွက်နေသော အဖွဲ့အစည်းတစ်ရပ်ဖြစ်ပြီး ကုန်သည်စက်မှု အသင်းချုပ်အနေဖြင့် မြန်မာနိုင်ငံရှိ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ အဆင်ပြေချောမွေ့စွာလုပ်ကိုင်ဆောင်ရွက်နိုင်ရန်နှင့် နိုင်ငံတကာချိတ်ဆက်မှုများ ကောင်းမွန်ချောမွေ့စေရန် အစဉ်ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဘဏ္ဍာရေးစနစ်သည် စီးပွားရေးလုပ်ငန်းများ၏ သွက်လက်မှုကို ထောက်ပံ့ပေးနေသော အဓိကကျသည့်အချက်ဖြစ်၍ အဆိုပါစနစ်ကို ပိတ်ပင်ခြင်းကြောင့် မြန်မာ့စီးပွားရေးအရင်းအမြစ်များကို ထိခိုက်စေနိုင်ကြောင်း၊ နိုင်ငံပိုင်ဘဏ်များအပါအဝင် ပြည်တွင်းဘဏ်များအားလုံး၏ အပြည်ပြည်ဆိုင်ရာ အဆက်အသွယ်ဘဏ်များအနေဖြင့်လည်း မြန်မာနိုင်ငံ၏ ပြည်တွင်းပြည်ပငွေကြေးလွှဲပြောင်းမှုများကို ဆောင်ရွက်ပေးရာတွင် လိုအပ်သည့်အထောက်အထားများအား ရယူ၍ အလေးထားစိစစ်ခြင်းကို တိုးမြှင့်ဆောင်ရွက်ခြင်းအား ကောင်းစွာဆောင်ရွက်ကာ ပြည်သူအများနှင့် စီးပွားရေးလုပ်ငန်းများ၏ ဘဏ္ဍာရေးဝန်ဆောင်မှုများ ချောမွေ့စေရန် ဆောင်ရွက်ပေးလျက်ရှိသည်။

ကုန်သည်စက်မှုအသင်းချုပ်အနေဖြင့် နိုင်ငံတွင်းစီးပွားရေးလုပ်ငန်းများအား ထိခိုက်စေနိုင်မှုမှတဆင့် အများပြည်သူနစ်နာဆုံးရှုံးစေမှုကို မဖြစ်ပေါ်စေရန်နှင့် သာမန်ပြည်သူများ၏ လူမှုစီးပွားဘဝအား ထိခိုက်မှုမရှိစေရန်တို့ကို သက်ဆိုင်ရာနိုင်ငံတကာအဖွဲ့အစည်းများအား တိုက်တွန်းလိုကြောင်းလည်း ဆိုသည်။

အဆိုပါ အစီရင်ခံစာတွင် မြန်မာနိုင်ငံ၏ လူ့အခွင့်‌အရေးချိုးဖောက်မှုများ၌ အပြည်ပြည်ဆိုင်ရာဘဏ်များ၊ ပြည်တွင်းနိုင်ငံပိုင်ဘဏ်နှင့် ပုဂ္ဂလိကဘဏ်အချို့မှ ပါဝင်ဆောင်ရွက်လျက်ရှိကြောင်းနှင့် အရေးယူပေးရန် တောင်းဆိုချက်များသည် မြန်မာပြည်သူလူထု၏ အကျိုးစီးပွားကို ထိခိုက်စေသည့်အပြင် မြန်မာနိုင်ငံနှင့် ပြည်ပနိုင်ငံများအကြား စီးပွားရေးအရဆက်ဆံမှုကိုလည်း ထိခိုက်စေနိုင်မည်ဖြစ်သဖြင့် ကုန်သည်စက်မှု အသင်းချုပ်အနေဖြင့် စိုးရိမ်ပူပန်မိကြောင်းနှင့် အသင်းချုပ်သည် နိုင်ငံစီးပွားရေးနှင့် သာမန်ပြည်သူများ၏ လူမှုစီးပွားဘဝများရှင်သန်ရေးတို့အတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here