မြောက်ကိုရီးယားကို ရုရှားထံ လက်နက်ရောင်းသည်ဟု ကန်နှင့်မဟာမိတ်များပြစ်တင်ရှုံ့ချ

0
50

ကုလသမဂ္ဂ၊ဇွန် ၂၉

အမေရိကနှင့်၎င်း၏မဟာမိတ်များသည် ကုလသမဂ္ဂ၌ မြောက်ကိုရီးယားက ကုလ သမဂ္ဂ၏ပိတ်ဆို့အရေးယူမှုများကိုချိုးဖောက်ကာ ယူကရိန်းစစ်ပွဲ၌ သုံးရန်အတွက် ရုရှားကို လက်နက်ရောင်းချနေသည်ဟုဆိုခဲ့ကြောင်းသိရသည်။

ကုလသမဂ္ဂဆိုင်ရာ အမေရိကန် ဒုတိယ အမြဲတမ်း ကိုယ်စားလှယ် ရောဘတ်ဝုဒ်က မော်စကိုနှင့်ပြုံယမ်း၏ တရားမဝင် လက်နက်ရောင်းဝယ်မှုကို ပြစ်တင်ရှုံ့ချကြောင်းပြောကြားခဲ့ပြီး ပြုံယမ်း၏လက်နက်ထောက်ပံ့မှုက ယူကရိန်းစစ်ပွဲ၌ မော်စကိုအတွက်အင်အားဖြစ်စေလိမ့်မည်ဟုလည်းဆိုခဲ့သည်။

ယင်းသို့ မြောက်ကိုရီးယားမှ လက်နက်နှင့်ခဲယမ်းများ ထောက်ပံ့မှုသည် ၂၀၀၆၊၂၀၀၉ နှင့် ၂၀၁၆ ခုနှစ်များကချမှတ်ခဲ့သည့် လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်များကိုချိုးဖောက်ခဲ့ခြင်းပင်ဖြစ်ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။

စစ်ပွဲအတွင်း လက်နက်အသုံးပြုမှုကို ခြေရာခံသည့် ပဋိပက္ခဆိုင်ရာလက်နက်သုတေသနအဖွဲ့ (CAR) မှ အမှုဆောင်ဒါရိုက်တာ ဂျိုနာလက်ဖ် ကမူ ၎င်းတို့အနေဖြင့် ယူကရိန်းစစ်ပွဲ၌ မြောက်ကိုရီးယားက ပဲ့ထိန်းဒုံးကျည် ကို အသုံးပြုသည့် အထောက်အထားများ တွေ့ရှိထားကြောင်း လုံခြုံရေးကောင်စီသို့ပြောကြားခဲ့သည်။

သို့သော် ရုရှားနိုင်ငံ၏ ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်း ကိုယ်စားလှယ် ကမူ အဆိုပါစွပ်စွဲချက်များအား ငြင်းဆိုခဲ့ကြောင်းလည်းသိရသည်။

ရုရှားသမ္မတနှင့် မြောက်ကိုရီးယားခေါင်းဆောင်တို့သည် အနောက်အင်အားစုများနှင့် ပြိုင်ဆိုင်မှုပြင်းထန်နေချိန်၌ မိတ်ဖက်နှစ်နိုင်ငံအနက် တစ်နိုင်ငံက စစ်ရေးအရရန်လိုခံရပါက ကျန်တစ်နိုင်ငံက အကူအညီပေးရမည့် သဘောတူညီချက်ကိုလည်း မကြာသေးမီအချိန်ကလက်မှတ်ရေးထိုးခဲ့သေးသည်။

Source : အေအက်ဖ်ပီ/ကေဂျီ


LEAVE A REPLY

Please enter your comment!
Please enter your name here