တရုတ် – မြန်မာ အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်မှု မြှင့်တင်သွားမည်ဟု တရုတ်သမ္မတ ရှိကျင့်ဖျင်ပြောကြား

0
55

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့်အတူ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး (၅) ရပ် ဖော်ဆောင်ရေးနှင့် တရုတ်-မြန်မာ အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်မှုမြှင့်တင်ရန်အတွက် ကြိုးပမ်းမှုအသစ်များ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း တရုတ်သမ္မတရှီကျင့်ဖျင်က ပြောကြားသည်။

ယခုလ ဇွန်(၂၉)ရက်က တရုတ်နိုင်ငံ ပေကျင်းမြို့၌ ပြုလုပ်သည့် နှစ်နိုင်ငံငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး (၅)ရပ်ချမှတ်ခြင်း နှစ်(၇၀) ပြည့် အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်ခဲ့သည့် မြန်မာနိုင်ငံတော်သမ္မတ (ငြိမ်း) ဦးသိန်းစိန်အား တရုတ်နိုင်ငံခြားရေးဝန်ကြီး Mr. Wang Yi က တရုတ်သမ္မတ ရှိကျင့်ဖျင်၏‌ ပြောကြားချက်အပေါ် တဆင့်သတင်းစကားပါးပြောကြားခဲ့ခြင်းဖြစ်သည်။

ထိုတွေ့ဆုံမှုတွင် Mr. Wang Yi က အဆွေ တော်သည် တရုတ်ပြည်သူများ၏ မိတ်ဆွေဟောင်းဖြစ်ကြောင်း၊ လွန်ခဲ့သည့် နှစ်ပေါင်း (၇၀) က တရုတ်နိုင်ငံခေါင်းဆောင်မှ အဆိုပြုသည့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး (၅) ရပ်တွင် မြန်မာနိုင်ငံ၏ ထောက်ခံမှုကို ရှေးဦးစွာရရှိခဲ့ကြောင်း၊ ထို့နောက် အာရှတိုက်၌ မိတ်ဆက်ခဲ့ပြီး အာရှနိုင်ငံများအကြား ဆက်ဆံရေးဖွံ့ဖြိုးတိုးတက်မှုကို အင်တိုက် အားတိုက် မြှင့်တင်ပေးခဲ့ကြောင်း၊ ထိုမှတစ်ဆင့်နိုင်ငံတကာ ဆက်ဆံရေး အခြေခံစံသတ်မှတ်ချက်နှင့် နိုင်ငံတကာဥပဒေ အခြေခံမူအဖြစ် တိုးတက်လာပြီး ဒုတိယကမ္ဘာစစ်အလွန်ကာလ နိုင်ငံတကာအစီအစဉ်တည်ဆောက်မှုအတွက်အရေးပါအကျိုးထမ်းဆောင်မှုပေးကာ အရေးကြီး public goods များ ထောက်ပံ့ပေးနိုင်ခဲ့ကြောင်း၊ နှစ်ပေါင်း (၇၀) အကြာတွင် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး (၅) ရပ်သည် ခေတ်နောက်ကျမကျန်ခဲ့သည့်အပြင် ထက်သန်သည့် သက်ဝင်လှုပ်ရှားမှုစွမ်းအားများဖြင့် ပေါ်လွင်နေကြောင်းပြောကြားခဲ့သည်။

သမ္မတ(ငြိမ်း) ဦးသိန်းစိန်က လွန်ခဲ့သည့် ဆယ်နှစ်တုန်းက မိမိသည် သမ္မတအနေဖြင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီး (၅) ရပ် ချမှတ်သည့် နှစ် (၆၀) ပြည့်အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း၊ ယခုအကြိမ်သည် တရုတ်နိုင်ငံ၏ မိတ်ဆွေဟောင်းအနေဖြင့် ဒုတိယအကြိမ် တက်ရောက်ရခြင်းဖြစ်ပြီး အလွန်ဝမ်းမြောက်ဂုဏ်ယူမိကြောင်း၊ တရုတ်-မြန်မာနှစ်နိုင်ငံသည် ကာလကြာရှည်စွာ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ခဲ့သည့် ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်းနိုင်ငံများဖြစ်ပြီး နှစ်နိုင်ငံအကြား နက်ရှိုင်းသည့် ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေး သံယောဇဉ်ကို ယခင်မျိုးဆက်ခေါင်းဆောင်များက ကိုယ်တိုင်ဖန်တီးတည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း၊သမ္မတရှီကျင့်ဖျင်၏ ၂၀၂၀ ပြည့်နှစ် မြန်မာနိုင်ငံခရီးစဉ်တွင် နှစ်နိုင်ငံ အေးအတူ
ပူအမျှအသိုက်အဝန်းတည်ဆောက်ရန် အရေးပါသဘောတူညီချက်များ ရရှိခဲ့ကြောင်း၊ မြန်မာနိုင်ငံက တရုတ်နိုင်ငံနှင့်ဆက်ဆံရေးတိုးတက်မှုကို အလွန်အလေးထားပြီး သမ္မတရှီကျင့်ဖျင်က အဆိုပြုသည့် အေးအတူပူအမျှအသိုက်အဝန်းတည်ဆောက်ရေး အယူအဆကို အလွန်ချီးကျူးကာ ထောက်ခံအားပေးကြောင်း၊ တရုတ်နိုင်ငံနှင့်အတူ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး (၅) ရပ်ကို ဆက်လက် လက်ဆင့်ကမ်း၍ ပြန့်ပွားအောင်လုပ်ဆောင်ပြီး ကဏ္ဍပေါင်းစုံပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေကာ မြန်မာ-တရုတ် အေးအတူပူအမျှ အသိုက်အဝန်းကို အတူတကွကောင်းမွန်စွာ တည်ဆောက်သွားလိုကြောင်း ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here