တနင်္သာရီတွင် လုပ်ငန်းများ တိုးလာ၍ လျှပ်စစ်လိုအပ်ချက် ပိုမိုများလာ၊လျှပ်စစ်မီးကို ဈေးသက်သာစွာ လုပ်နိုင်မည့်သူများကို ကြိုဆို

0
52

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်အတွင်း လျှပ်စစ်မီးလုံလောက်စွာရရှိရေးအတွက် တိုင်းအစိုးရအဖွဲ့မှ ပြင်ဆင်ထားပြီးဖြစ်သော်လည်း လျှပ်စစ်လိုအပ်ချက်များပြားနေဆဲဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက ပြောကြားသည်။

ဇွန် (၂၇)ရက် မွန်းလွဲပိုင်းက ထားဝယ်မြို့၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည့် ကျွန်းစုမြို့နယ်အတွင်း ဆောင်ရွက်မည့် Hydro နှင့် Solar စီမံကိန်းအတွက် အကြိုစူးစမ်းလေ့လာမှုလုပ်ငန်းများ ဆောင်ရွက်ခဲ့သည့် F.S Report အား New Myanmar Renewable Energy Co.,Ltd က လာရောက် တွေ့ဆုံရှင်းလင်းတင်ပြသည့် အခမ်းအနားတွင် ဝန်ကြီးချုပ်က ပြောကြားခဲ့ခြင်း ဖြစ်သည်။

အခမ်းအနားတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုက ကျွန်းစုမြို့နယ်အတွင်း ဆောင်ရွက်မည့် Hydro နှင့် ပတ်သက်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပြင်ဆင်ဆောင်ရွက်ထားပြီးဖြစ်သော်လည်း လျှပ်စစ်မီးလုံလောက်မှု မရှိသေးကြောင်း၊ ယခင်က ကတန်ကျွန်းပေါ်တွင် ဖွံ့ဖြိုးတိုးတက်မှု နည်းပါးနေသေးသောကြောင့် မွေးမြူရေးနှင့် ရင်းနှီးမြှပ်နှံမှုရရှိအောင် ကြိုးစားဆောင်ရွက်ခဲ့ကြောင်း၊ ယခုအခါ ကတန်ကျွန်းပေါ်တွင် ရေငန်ပုဇွန်မွေးမြူရေး လုပ်ငန်းများ ဆောင်ရွက်နေပြီဖြစ်သဖြင့် လျှပ်စစ်လိုအပ်ချက် ပိုမိုများပြားလာကြောင်း ပြောကြားခဲ့သည်။

ယခုဆောင်ရွက်မည့် Hydro နှင့် Solar မှ ထုတ်လုပ်မည့် လျှပ်စစ်လုပ်ငန်းအား ကြိုဆိုပါကြောင်း၊ ယခင်က တိုင်းဒေသကြီးအနေဖြင့် ဂတ်စ်တာဘိုင် ရရှိရေးဆောင်ရွက်ရာတွင် အခက်အခဲအမျိုးမျိုးကြုံတွေ့ရကြောင်း၊ ထားဝယ်ခရိုင်အတွင်းသာ လျှပ်စစ်မီးပေးနိုင်ခဲ့ကြောင်း၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့အနေဖြင့် လျှပ်စစ်မီးဈေးနှုန်းသက်သာစွာရရှိရေး ကြိုး စားဆောင်ရွက်လျက်ရှိကြောင်း ဆက်လက်ပြောကြားခဲ့သည်။

ထို့ပြင် လျှပ်စစ်မီးကို ဈေးနှုန်းသက်သာစွာ လုပ်ကိုင်ဆောင်ရွက်နိုင်မည့်သူများကို ကြိုဆိုပြီး ဆောင်ရွက်မည့် ကုမ္ပဏီအနေဖြင့် အမြန်ဆုံးအကောင်အထည်ဖော်ရန်လိုအပ်ကာ တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့်လည်း လိုအပ်သည်များကို ကူညီပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် New Myanmar Renewable Energy Co.,Ltd ၏ ကျွမ်းကျင်ပညာရှင်များက အကြိုစူးစမ်း လေ့လာမှုလုပ်ငန်းများနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ဆောင်ရွက်ဆဲ လုပ်ငန်းများ ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများက လိုအပ်သည်များကို ဖြည့်စွက် ဆွေးနွေးခဲ့ကြပြီး တိုင်းဒေသကြီး ဝန် ကြီးချုပ်က ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here