တောင်ကိုရီးယား၊ အမေရိကန်နဲ့ ဂျပန်တို့ရဲ့ ဆက်ဆံရေးဟာ နေတိုးအဖွဲ့ အာရှဗားရှင်းဟု မြောက်ကိုရီးယား ဝေဖန်

0
61

ယခုလအတွင်း ပြုလုပ်ခဲ့တဲ့ တောင်ကိုရီးယား၊ အမေရိကန်၊ ဂျပန်တို့ရဲ့ ပူးတွဲ စစ်ရေးလေ့ကျင့်မှုတွေကို မြောက်ကိုရီးယားက ဝေဖန်လိုက်ပြီး ဒီစစ်ရေးလေ့ကျင့်မှုတွေအရ သုံးနိုင်ငံအကြား ဆက်ဆံရေးဟာ နေတိုးအဖွဲ့ အာရှဗားရှင်းတစ်ခုအဖြစ် ပြောင်းလဲသွားတာကို ပြသနေတယ်လို့ ပြောဆိုကြောင်း နိုင်ငံပိုင်မီဒီယာက တနင်္ဂနွေနေ့(ဇွန် ၃၀) မှာ ဖော်ပြပါတယ်။

ကြာသပတေးနေ့က Freedom Edge လို့ အမည်ပေးထားတဲ့ အင်အားကြီး သုံးနိုင်ငံ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို စတင်ခဲ့ပြီး ရေတပ်ဖျက်သင်္ဘောတွေ၊ တိုက်လေယာဉ်တွေနဲ့ နျူကလီးယားစွမ်းအင်သုံး အမေရိကန် လေယာဉ်တင်သင်္ဘော သီအိုဒို ရူစဗဲ့လ်တို့ ပါဝင်ခဲ့ပါတယ်။ စစ်ရေးလေ့ကျင့်မှုဟာ ဒုံးကျည်တွေ၊ ရေငုပ်သင်္ဘောတွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေရန်က ကာကွယ်နိုင်စွမ်းကို မြှင့်တင်ဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။

အမေရိကန်နဲ့ ၎င်းရဲ့ မဟာမိတ်တွေ ဦးဆောင်တဲ့ စစ်ရေးအစုအဖွဲ့ အားကောင်းလာခြင်းကို ပြုံယမ်းက လျစ်လျူရှုမှာ မဟုတ်ကြောင်းနဲ့ ပြင်းထန်ပြီး လွှမ်းခြုံတဲ့ တုန့်ပြန်မှုမျိုးနဲ့ ဒေသတွင်းငြိမ်းချမ်းရေးကို ကာကွယ်သွားမှာဖြစ်ကြောင်း မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဋ္ဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။

ဒါ့အပြင် ဝါရှင်တန်ဟာ တောင်ကိုရီးယားနဲ့ ဂျပန်တို့ကို နေတိုးနဲ့ ချိတ်ဆက်ဖို့ ဆက်လက်ကြိုးပမ်းနေကြောင်းနဲ့ တောင်ကိုရီးယားက ယူကရိန်းသို့ လက်နက်တွေ ထောက်ပံ့ဖို့ ကြိုးစားနေမှုဟာ ယင်းလုပ်ဆောင်ချက်ရဲ့ သာဓကတစ်ခုဖြစ်ကြောင်းလည်း နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနက ပြောဆိုခဲ့ပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်နဲ့ ရုရှားသမ္မတ ဗလာဒီမာပူတင်တို့အကြား မကြာသေးခင်က ချုပ်ဆိုခဲ့တဲ့ အပြန်အလှန်အကာအကွယ်ပေးရေးဆိုင်ရာ သဘောတူညီချက်ကို ကန့်ကွက်တဲ့အနေနဲ့ ယူကရိန်းသို့ လက်နက်များ တိုက်ရိုက်ထောက်ပံ့ပေးဖို့ ပြန်လည်သုံးသပ်သွားမယ်လို့ တောင်ကိုရီးယားက ပြောကြားခဲ့ပါတယ်။

Ref: ရိုက်တာ


LEAVE A REPLY

Please enter your comment!
Please enter your name here