အင်းဝမြို့ဟောင်းကို ကမ္ဘာ့ရှေးဟောင်းအမွေအနှစ် စာရင်းတင်သွင်းနိုင်ရေး လုပ်နေ

0
110

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်ရှိ အင်းဝမြို့ဟောင်းကို ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်စာရင်း တင်သွင်းနိုင်ရေး ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်နေကြောင်း ရှေး ဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (မန္တလေးဌာနခွဲ)မှ သိရသည်။

အင်းဝမြို့ဟောင်းမှာ အင်းဝခေတ် လွန်ခဲ့သောနှစ်ပေါင်း (၄၀၀) ခန့်က တည်ရှိခဲ့သော ရှေးဟောင်းမြို့တော်ဖြစ်၍ ကမ္ဘာ့ ရှေးဟောင်းအမွေအနှစ် စာရင်းတင်သွင်းရာတွင် လိုအပ်သည့်အချက်အလက်များ ကောက်ယူခြင်းနှင့် ကြိုတင်ပြင်ဆင်မှုများလုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။

အင်းဝမြို့ဟောင်းကို ကမ္ဘာ့အမွေအနှစ် စာရင်းတင်သွင်းရန် ယူနက်စကိုမှ သတ်မှတ်ထားသည့် Guide Line ပြည့်စုံအောင် ကြိုတင်ပြင်ဆင် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း တာဝန် ရှိသူက ဆိုသည်။

အင်းဝမြို့ဟောင်းတွင် ရှေးဟောင်းယဉ်ကျေးမှု အဆောက်အအုံများရှိသည့် ဒေသနှင့် ကာကွယ်သည့် ကြားခံဒေသ (Buffer Zone)မှာ ရှေးဟောင်းဘုရား၊ စေတီ၊ အဆောက်အအုံများ အရေတွက်နှင့် နောက်ခံသမိုင်းကြောင်းများကို ပြုစုနေခြင်းဖြစ်ကြောင်း သိရသည်။

အင်းဝမြို့ဟောင်း၏ ရှေးဟောင်းနယ်မြေ ဧရိယာ (၇) စတုရန်းမိုင် ကျယ်ဝန်း၍ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များရှိရာဒေသ (Property Area )နှင့် ကြားခံဒေသ ( Buffer Area ) အတွင်းမှ ရှေးဟောင်းစေတီ ပုထိုးနှင့် အဆောက်အအုံပေါင်း (၉၆၁) ခုရှိပြီး ၎င်းတို့အနက် မှတ်တမ်းစာရင်း  (Inventory)ပြုစုပြီး အရေအတွက်မှာ (၃၀၀) ဝန်းကျင်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

“ပြီးခဲ့တဲ့ မေလအတွင်းက ထိုင်းအဖွဲ့တွေရောက်လာပြီး ရှေးဟောင်းသစ်သားအဆောက်အအုံတွေကို လေ့လာကြတယ်။ အချက်အလက် ကောက်ယူတာတွေရှိတယ်။ Guide Line ထဲမှာ နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်မှု ဘာတွေရှိသလဲဆိုတာပါတော့ ထိုင်း၊ တရုတ်၊ အီတလီစတဲ့ ပြည်ပနိုင်ငံတွေက လာရောက်သုတေသန လုပ်တာတွေကို ထည့် သွင်းတင်ပြရမှာပါ။ ကျွန်တော်တို့အတွက် အထောက်အကူရတယ်” ဟု တာဝန်ရှိသူက ဆိုသည်။

အင်းဝရှေးဟောင်း ယဉ်ကျေးမှုဇုန်အတွင်း ဓာတ်ပုံများပါသော လမ်းညွှန်မြေပုံများ စိုက်ထူခြင်း၊ ဘုရားတစ်ဆူစီနှင့် ရှေးဟောင်း အဆောက်အအုံများ၏ သမိုင်းကြောင်း ကော က်ယူမှတ်တမ်းပြုစုခြင်း၊ မြေပုံရေးဆွဲခြင်းစသည့် ယူနက်စကိုမှ သတ်မှတ်သည်များ ပြည့်စုံရန်ဆောင်ရွက်နေကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here