MIC မှ လုပ်ငန်းများ၏ မတည်ငွေရင်းတိုးမြှင့်ခြင်းအပါအဝင် ကန်ဒေါ်လာ သန်း၉၀ ခန့်နှင့် ကျပ် ၂၇၅၀၀ သန်းရှိ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ် သုံးခုကိုခွင့်ပြု

0
48

လက်ရှိ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း မတည်ငွေရင်း တိုးမြှင့်ခြင်းအပါအဝင် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအသစ် (၃)ခုကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ခွင့်ပြုပေးလိုက်ပြီဖြစ်သည်။

ဇွန်လ (၂၈) ရက်က နေပြည်တော်ရှိ ရုံးအမှတ် (၁၈) အစည်းအဝေးခန်းမ၌ ကျင်းပသည့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၆/၂၀၂၄) ကြိမ်မြောက် အစည်းအဝေးမှ သိရခြင်းဖြစ်သည်။

အဆိုပါ အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးမြထွန်းဦးနှင့် ကော်မရှင်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် ဆောင်ရွက်ဆဲ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ မတည်ငွေရင်းတိုးမြှင့်ခြင်း အပါအဝင် စက်မှုကဏ္ဍ၊ လျှပ်စစ်ဓာတ်အားကဏ္ဍ၊ သတ္တုတူးဖော်ရေးက ဏ္ဍတို့မှ ပြည်တွင်းရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအသစ်(၃)ခုကို ခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။

အဆိုပါလုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၈၉ ဒသမ ၁၄၆ သန်းနှင့် ကျပ် ၂၇၅၀၀ သန်းဖြစ်၍ ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်းပေါင်း ၂၀၆ ဦးကို ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

၂၀၂၄ ခုနှစ် မေလကုန်အထိ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံ၊ ဒေသပေါင်း ၅၃ ခုအနက် ရင်းနှီးမြှုပ်နှံမှုအများဆုံး ပြုလုပ်သောနိုင်ငံ၊ ဒေသများမှာ စင်ကာပူနိုင်ငံ၊ တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့ဖြစ်ပြီး စီးပွားရေးကဏ္ဍ ၁၂ ခု အနက် အများဆုံးရင်းနှီးမြှုပ်နှံထားသည့် ကဏ္ဍများမှာ စွမ်းအင်ကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၂၈ ဒသမ ၄၇ ရာခိုင်နှုန်းဖြင့် လည်းကောင်း၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၂၄ ဒသမ ၄၃ ရာခိုင်နှုန်းဖြင့် လည်းကောင်း၊ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၁၄ ဒသမ ၄၈ ရာခိုင်နှုန်းဖြင့်လည်းကောင်း ရင်းနှီးမြှုပ်နှံထားကြသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်သည် ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံသူများက တင်ပြလာသည့် ရင်းနှီးမြှုပ်နှံမှုအဆိုပြုချက်များကို စိစစ်ခွင့်ပြုခြင်းကိုလည်းကောင်း၊ လက်ရှိဆောင်ရွက်ဆဲ ရင်းနှီးမြှုပ်နှံသူများအတွက် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဝန်ဆောင်မှုများကိုလည်းကောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေနှင့်အညီ ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here