SME လုပ်ငန်းရှင်များအတွက် စက်ရုံမြေ၊လုပ်ငန်းနေရာတို့ကို သက်သာသောနှုန်းဖြင့် ငှားရမ်းရန် ဆောင်ရွက်နေ

0
56

အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းအေဂျင်စီသည် SME ဥပဒေပုဒ်မ (၂၈) အရ SME စွန့်ဦးတီထွင်လုပ်ငန်းရှင်များအတွက် စက်ရုံများတည်ထောင်ရန် မြေ (သို့မဟုတ်) လုပ်ငန်းနေရာကို သက်သာသောနှုန်းထားဖြင့် ငှားရမ်းခြင်း ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းကပြောသည်။

ဧရာဝတီတိုင်း ဒေသကြီးအတွင်း စက်မှုလုပ်ငန်းနှင့် စက်မှုဇုန်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်သည့် ညှိနှိုင်းအစည်းဝေးတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

စက်မှုဝန်ကြီးဌာနသည် ပုဂ္ဂလိကစက်မှုလုပ်ငန်းဥပဒေ၊ ဘွိုင်လာဥပဒေ၊ လျှပ်စစ်ဥပဒေ၊ SME ဖွံ့ဖြိုးတိုးတက်ရေးဥပဒေ၊ ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများအန္တရာယ်မှ တားဆီးကာကွယ်ရေးဥပဒေနှင့် စက်မှုဇုန်ဥပဒေများကို အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ဝန်ကြီးဌာနတစ်ခုဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။

ထို့ကြောင့် ဒေသဆိုင်ရာအစိုးရအဖွဲ့နှင့် ကော်မတီများအနေဖြင့် စက်မှုလုပ်ငန်း၊ စက်မှုဇုန်၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းကိစ္စများနှင့် ပတ်သက်၍ ချိ တ်ဆက်ဆောင်ရွက်သွားနိုင်ကြောင်းလည်း ၎င်းကဆိုသည်။

တိုင်းဒေသကြီးအတွင်းရှိ စက်မှုလုပ်ငန်းများ၊ စက်မှုဇုန်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထုတ်ပြန်ထားသည့် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ တိတိကျကျ လိုက်နာဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်က ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ်က စက်မှုဇုန်ဥပဒေနှင့် နည်းဥပဒေများ ပြဋ္ဌာန်းခြင်း၊ စက်မှုဇုန်ဥပဒေ၏ ရည်ရွယ်ချက်၊ ကော်မတီများဖွဲ့စည်းခြင်း၊ စက်မှုလုပ်ငန်းနှင့် စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီဖွဲ့စည်းခြင်း၊ ရှေ့ဆက်ဆောင်ရွက်မည့်အစီအစဉ်များ၊ တည်ထောင်ပြီးစက်မှုဇုန်များရှိ စက်မှုလုပ်ငန်းများနှင့် ဆောင်ရွက်ဆဲ စက်မှုဇုန်စီမံကိန်းများကို ရှင်းလင်းတင်ပြခဲ့သည်။

ဆက်လက်၍ ကြံခင်းမြို့ရှိ အမှတ် (၃၂) အကြီးစားစက်ရုံ (ကြံခင်း) အစည်းအဝေးခန်းမ၌ စက်ရုံရှိ အရာထမ်းများနှင့် တွေ့ဆုံပြီး ပြည်ထောင်စုဝန်ကြီးက စက်မှုဝန်ကြီးဌာနရှိ နိုင်ငံပိုင်စက်ရုံ၊ အလုပ်ရုံများကို စက်စွမ်းအားပြည့်လည်ပတ်၍ ထုတ်ကုန်များ ထုတ်လုပ်ရန် ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း၊ စက်ရုံရှိ တပ်ဆင်ထားရှိသော စက်ပစ္စည်းကိရိယာများ ပျက်စီးဆုံးရှုံးမှုမရှိစေရေးအတွက် တစ်ဦးချင်းအသိစိတ်ဓာတ်ဖြင့် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကို ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ထို့ပြင် အဆောက်အအုံ၊ မြေနှင့် စက်ရုံပိုင် ပုံသေပိုင်ပစ္စည်းများ ပျက်စီးဆုံးရှုံးမှုမရှိစေရေးအတွက် စနစ်တကျ ထိန်းသိမ်းထားရှိရမည်ဖြစ်ကြောင်း မှာကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here