အင်အားကြီးနိုင်ငံတွေပူးပေါင်းဆောင်ရွက်မှု ပြန်လည်ထူထောင်ကြဖို့ ဟွန်ဆန် တိုက်တွန်း

0
60

ကမ္ဘောဒီးယား အာဏာရပါတီ CPP ဥက္ကဋ္ဌ ဟွန်ဆန်က အင်အားကြီးနိုင်ငံတွေအနေနဲ့ ဒေသတွင်းနဲ့ ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအလို့ငှာ ၎င်းတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုကို ပြန်လည်ထူထောင်ကြဖို့ သောကြာနေ့မှာ တိုက်တွန်းတောင်းဆိုခဲ့ပါတယ်။

အရှေ့တောင်အာရှနိုင်ငံတွေမှ နိုင်ငံခြားသံတမန်တွေ အပါအဝင် တက်ရောက်သူ ထောင်ချီရှိခဲ့တဲ့ CPP ပါတီထူထောင်ခြင်း ၇၃ နှစ်ပြည့် အခမ်းအနားမိန့်ခွန်းမှာ သူက ယင်းသို့ တောင်းဆိုခဲ့ခြင်းဖြစ်ပါတယ်။

လက်ရှိကမ္ဘာ့နိုင်ငံရေး အခြေအနေဟာ အလွန်ရှုပ်ထွေးပြီး၊ အန္တရာယ်များတဲ့ အနေအထားတွေဖြစ်ပေါ်နေပါကြောင်း ကမ္ဘာ့နိုင်ငံတွေ အထူးသဖြင့် အင်အားကြီးနိုင်ငံတွေအနေဖြင့် ပူးပေါင်း ဆောင်ရွက်မှု ပြန်လည်ထူထောင်ကြပြီး လူသားအားလုံးရဲ့ ငြိမ်းချမ်းရေး၊ လုံခြုံရေး၊ ရေရှည်တည်တံ့ခိုင်မြဲရေးနဲ့ သယာဝပြောရေးတို့အတွက် စေ့စပ်ညှိနှိုင်းမှုတွေကတဆင့် အကဲဆတ်သော ပြဿနာတွေကို အဖြေရှာကြဖို့ မိမိ တိုက်တွန်းလိုပါကြောင်း ဟွန်ဆန်က ပြောဆိုခဲ့ပါတယ်။

ပိတ်ဆို့ဒဏ်ခတ်မှု၊ အကြမ်းဖက်မှုနဲ့ စစ်ပွဲတွေဟာ ကောင်းသောဖြေရှင်းနည်းမဟုတ်ဘူးဆိုတာကို နားလည်ဖို့လိုကြောင်းနဲ့ ဆန့်ကျင်ဖက်အားဖြင့် ယင်းအရာတွေဟာ လူသားမျိုးနွယ်အတွက် အန္တရာယ်တွေကို တိုးမြင့်စေမှုသာ ဖြစ်ပေါ်ကြောင်း သူက သတိပေးခဲ့ပါတယ်။

အထက်လွှတ်တော် ဥက္ကဋ္ဌလည်းဖြစ်သူ ဟွန်ဆန်က နိဂုံးချုပ်အားဖြင့် လွတ်လပ်သော နိုင်ငံခြားရေးမူဝါဒအပေါ် CPP ရဲ့ ကတိကဝတ်ကို ထပ်လောင်းပြောဆိုပါတယ်။ ကမ္ဘောဒီးယားနိုင်ငံရဲ့ အဓိကအကျိုးစီးပွားတွေကို ကာကွယ်ဖို့၊ ဒေသတွင်းနဲ့ ကမ္ဘာ့ ငြိမ်းချမ်းရေး၊ လုံခြုံရေး၊ ပူးပေါင်းဆောင်ရွက်ရေးနဲ့ သာယာဝပြောရေးတို့ကို မြှင့်တင်ဖို့ရာ ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း၊ အာဆီယံ ပဋိညာဉ်ပါ အခြေခံမူများနဲ့အညီ နိုင်ငံအားလုံး အတူတကွ လက်တွဲလုပ်ဆောင်ရန်လိုကြောင်း သူက အလေးပေး ပြောကြားသွားခဲ့ပါတယ်။

Ref: Khmer Times


LEAVE A REPLY

Please enter your comment!
Please enter your name here