စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကျဆင်းလာ

0
75

အစိုးရက သတ်မှတ်ပေးသည့် ယခုတစ်ပါတ်အတွက် ဈေးကွက်အတွင်း ရောင်းချရမည့် စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ ယခင်တစ်ပတ်‌ ဈေးနှုန်းထက်ကျဆင်းလာကြောင်း သိရသည်။

ဈေးကွက်အတွင်း ရောင်းချရမည့် စားအုန်းဆီအခြေခံရည်ညွှန်းဈေးနှုန်းကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ အပတ်စဉ်ပုံမှန် ထုတ်ပြန်ပေးနေခြင်းဖြစ်သည်။

ယခုအပတ်အတွင်း ကမ္ဘာ့စားအုန်းဆီထုတ်လုပ်တင်ပို့သည့် နိုင်ငံများတွင် ဈေးကွက်နှင့် ဈေးနှုန်းဖြစ်ပေါ်မှုများအရ ၂၀၂၄ ခုနှစ် ဇူလိုင် (၁) ရက်မှ (၇) ရက်အထိ ရန်ကုန်အထိုင် အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာလျှင် ၅၃၈၅ ကျပ်ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် တစ်ပါတ်တွင် ရောင်းချရမည့် ဈေးနှုန်းမှာစားအုန်းဆီ တစ်ပိဿာလျှင် ငွေကျပ် ၅၄၀၀ ကျပ်ဖြစ်ပြီး အနည်းငယ်ကျဆင်းလာခြင်းဖြစ်သည်။

ထို့ပြင် လက်လီဈေးကွက်အတွင်းရောင်းချရမည့် ရည်ညွှန်းဈေးနှုန်းကို သတ်မှတ်ထုတ်ပြန်ပေးသော်လည်း ဈေးကွက်အတွင်း တစ်ပိဿာ ၁၂၀၀၀ ကျပ်အထိ ဆက်လက်မြင့်တက်နေပြီး ဝယ်ယူရခက်ခဲနေကြောင်း အိမ်ရှင်မများ၏ပြောပြချက်အရ သိရသည်။

ထို့ပြင် ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းအပါအဝင် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသော်လည်း ဈေးဆက်လက်မြင့်တက်နေကြောင်း စုံစမ်းသိရှိရသည်။

ပြီးခဲ့သည့် ဇွန်လတွင် ပြည်ပမှ စားအုန်းဆီတင်သွင်းရာတွင် မသမာမှုပြုလုပ်ခဲ့ကြသည့် ကုမ္ပဏီ ၈ ခုအား DICA မှ အမည်ပျက်စာရင်းသွင်းထားကြောင်းရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) မှ အသိပေးထုတ်ပြန်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here