ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် မြစ်ကြီးနားတွင်ရေကြီး ရေလျှံမှုများ ဖြစ်ပေါ်နေ

0
51

ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် မြစ်ကြီးနားမြို့တွင် ရေကြီးရေလျှံမှုနှင့် ကြုံတွေ့နေရကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံမှ သိရသည်။

ကချင်ပြည်နယ်အတွင်း မိုးသည်းထန်စွာရွာနေသည့်အတွက် ဧရာဝတီမြစ်ရေသည် ဆက်မြင့်တက်‌နေပြီး ဝိုင်းမော်မြို့နှင့် မြစ်ကြီးနားမြို့တို့ရှိ မြစ်ကမ်းနံဘေးရပ်ကွက်အချို့တွင် ရေဝင်နစ်မြုပ်မှုဒဏ်ကို ခံနေရခြင်းဖြစ်သည်။

ထို့ပြင် ဧရာဝတီ မြစ်ကမ်းဘေးတစ်လျှောက်ရွာများဖြစ်သည့် မိုင်းနား၊ နောင်ချိန်း၊ အင်ဂန်း၊ နောင်တာလော စစ်ဘေးရှောင်စခန်းများ၌လည်း ရေဝင်နစ်မြုပ်နေသည့်အတွက် အရေးပေါ်ကူညီများ လိုအပ်လျက်ရှိကြောင်း သိရသည်။

ယနေ့နံနက်ပိုင်း အချိန်ထိ မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက် ၊မြစ်ကြီးနား တက္ကသိုလ်သွားလမ်းမကြီးများအားလုံး ရေနစ်မြုပ်နေကြောင်း ဒေသတွင်း မီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။

မိုး/ဇလ၏ ထုတ်ပြန်ချက်အရ ဧရာဝတီမြစ်ရေသည် မြစ်ကြီးနားမြို့၏ စိုးရိမ်ရေအမှတ် ၁၂၀၀ စင်တီမီတာအထက်တွင် ရောက်ရှိနေပြီး မြစ်ကြီးနားမြို့ပေါ် နေရာအများအပြားတွင် ကူညီကယ်ဆယ်ရေးများ လိုအပ်နေကြောင်းလည်း သိရသည်။

ယနေ့ ဇူလိုင် (၁) ရက် မိုး/ဇလ၏ ထုတ်ပြန်ချက်အရလည်း မိုးရွာသွန်းမှု အခြေအနေမှာ စစ်ကိုင်းတိုင်း ဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် ရွာသွန်းမြဲထက် ပိုနိုင်ကာ ရွာသွန်းမည်ဟု ထုတ်ပြန်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here